ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကယ်ဆယ်ရေးစခန်းမှ ရွာသား ၆ ဦး အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k



သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဒုံးသိမ်စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ရွာသား ၆ ဦး ဖမ်းဆီးခံရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ၆ ဦးမှာ ဒုံးသိမ် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသည့် သရက်ပြင် ကျေးရွာအုပ်စု၊ 
အလယ်ချောင်းကျေးရွာမှ မောင်ကျော်ဇံ၊ အောင်ကျော်ဇံ၊ အောင်ကြီး၊ ကျော်စိန်အောင်၊ ဇနီအောင်၊ မောင်စိန်တို့ဖြစ်ကြပြီး ၄င်းတို့မှာ ခမီးလူမျိုးများဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက် နေ့လယ်၁၂ နာရီခန့်က ဒုံးသိမ်ကယ်ဆယ်ရေးစခန်းမှ ၄င်းတို့ကျေးရွာ အလယ်ချောင်းသို့ ဟင်း နှင့် ဆန်များကို ယူဆောင်ရန် သွားရောက်စဉ်  ရွာမှ အပြန်လမ်းတွင် စစ်တပ်မှဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဇနီအောင်၏ အစ်ကိုတော်စပ်သူ ဦးခတ်ချူးဆိုသူ က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျနော်တို့က ဒုံးသိမ်ကယ်ဆယ်ရေး စခန်းမှာနေတဲ့ ဒုက္ခသည်တွေပါ။ သူတို့က ရွာကို ဟင်းတွေ ဆန်တွေ ယူဖို့သွားကြတာပါ။ သူတို့အပြန်လမ်း သရက်ပြင်နဲ့ မျောချောင်းကြားမှာ စစ်တပ်ကဖမ်းသွားတယ်လို့ ပြောပါတယ်” ဟု ဦးခတ်ချူးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီး သွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ လက်ရှိတွင် ၄င်းတို့အား ဖုံညိုလိပ်ရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု သတင်းရရှိကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ပြောသည်။

သူက “ဟုတ်ပါတယ်။ သူတို့ မနေ့က ရွာပြန်ပြီး ဆန်တွေသွားသယ်ကြတယ်လို့ သိရပါတယ်။ အဲဒီကအပြန်မှာ ဖမ်းသွားတာလို့ကြားပါတယ်။ သူတို့က ဒုံးသိမ်ကယ်ဆယ်ရေးစခန်းက စစ်ဘေးရှောင် တွေဆိုတော့ ပြန်လွတ်လာမယ် လို့တော့ထင်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဇွန်လ ၁၅ ရက်နေ့ က သရက်ပြင်ကျေးရွာသား ဦးမောင်လုံး ဆိုသူအားလည်း ညဉ့်အချိန်  ဖားရှာနေစဉ် စစ်တပ်က ဖမ်းဆီးသွားပြီး ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ပြန်လည် လွတ်ပေး လိုက်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ