ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပိတ်ထားသည့် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် အမေရိကန်အစိုးရတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်လိုင်းပိတ်ထားမှုကို ပြန်ဖွင့်ပေးရန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၉ ရက်နေ့ရက်စွဲဖြင့် တောင်းဆိုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှု သက်ရောက် လျက်ရှိသော နေရာများတွင် အင်တာနက်ကို အခြေပြု၍ ဆက်သွယ်မှု ပြုနေကြသော လူဦးရေ တစ်သန်းခန့်အတွက် အဆက်အသွယ် ဖြတ်တောက်မှု ဖြစ်စေသည့် မိုဘိုင်းဒေတာ ဝန်ဆောင်မှုများ ပြတ်တောက် နေခြင်းအတွက် အမေရိကန် ပြည်ထောင်စုက များစွာစိုးရိမ် မကင်းဖြစ်ရပါကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။

"အင်တာနက်ဝန်ဆောင်မှု နှောင့်နှေးကြန့်ကြာမှုမရှိပဲ ပြန်လည် ရရှိသင့်ပါသည်။ ဝန်ဆောင်မှုပြန်လည်ရရှိခြင်းဖြင့် အကြမ်းဖက်မှု သက်ရောက်နေသော နေရာများတွင် ထပ်မံမဖြစ်ပွားစေရေးအတွက် ရည်ရွယ်၍ အစိုးရက ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိခြင်းကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ ထပ်မံထိခိုက်ခြင်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်"ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တဂပ်စ်က တောင်းဆိုချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ယင်းအပြင် "အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းခြင်း ကြိုးပမ်းအားထုတ်မှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ထောက်ခံနေမည်ဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်ပွားနေသောနေရာများသို့ လူသားချင်းစာနာထောက်ကူမှု အပြည့်အဝရောက်ရှိရေးနှင့် မီဒီယာများ သွားရောက်ခွင့်ရရှိရေး၊ လူ့အခွင့်အရေးအလွဲသုံးသူများနှင့် ချိုးဖောက် သူများအား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအတွက် အမေရိကန် ပြည်ထောင်စုက တောင်းဆိုပါသည်"ဟုလည်း အမေရိကန်၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင် တိုက်ပွဲများပြင်းထန်နေသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံ စသည့် မြို့နယ် (၈)မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ဇွန်လ ၂၁ ရက်နေ့ ညမှစတင်ကာ အင်တာနက်လိုင်းများ အပိတ်ခံထားရခြင်းဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းစေရန်အတွက်ဟုဆိုကာ အဆိုပါဒေသများတွင် အသုံးပြုနေကြသည့် MPT၊ Telenor ၊ Ooredoo နှင့် Mytel အစရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများကို အင်တာနက်လိုင်းများဖြတ်တောက်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများဖြတ်တောက်လိုက်ခြင်းသည် ဒေသတွငး် သတင်းအမှောင်ချခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ပိုမို ဖြစ်ပေါ်လာ နိုင်သည့်အတွက် အင်တာနက်လိုင်းများကို ပြန်ဖွင့် ပေးရန်လည်း ကုလသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြကြောင်း သိရသည်။

အလားတူ အင်တာနက်လိုင်းများအား ပြန်လည်ဖွင့်ပေးရန် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းသည့် အရေးကြီးကိုလည်း ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးနောက်ဆုံးနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ