သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲတွင် ဂျီနီဗာကွန်ဗင်းရှင်းကိုလိုက်နာကြရန် အရပ်ဘက်အဖွဲ့အစည်း၁၅ဖွဲ့တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိူင် ၇/၂ဝ၁၉

ရခိုင်ပြည်နယ်တွင်လက်ရှိဖြစ်ပွားနေသော စစ်ပွဲများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းကိုလိုက်နာကြရန် အရပ်ဘက် အဖွဲ့အစည်း ၁၅ဖွဲ့မှ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

“ လက်ရှိမှာ အရပ်သားပြည်သူတွေ၊ လူငယ်တွေအများစုက စစ်ပဋိပက္ခ ဖြစ်ရင် ဘယ်တော့မဆိုမြေစာပင်ဖြစ်တယ်။ ပြည်သူတွေက ကြားထဲမှာ ခံရတယ်။ လက်ရှိတာဝန်ယူပြီးဆောင်ရွက်နေကြတဲ့ စစ်တပ်၊ အစိုးရနဲ့ AA ရော သူတို့တွေအနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို အဓိကလိုက်နာကြဖို့၊ စစ်ဖြစ်တဲ့ အခါမှာ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုမဖြစ်စေဖို့ ဒါတွေကို တိုက်တွန်းနိုးဆော်လိုတဲ့ ရည်ရွယ်ချက်၊ လက်ရှိမှာ ပြည်သူတွေ ခံစားနေရတဲ့ ပြဿနာတွေကို ကျွန်မတို့ရဲ့ စိုးရိမ်စိတ်တွေကို ဖော်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြေညာချက်ကို ထုတ်ပြန်ရတာပါ ”ဟု ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ရှားဆောင်ရွက်မှု ကော်မတီ (Action Committee for Democracy Development)မှ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ဇူလိူင် ၅ ရက် နေ့စွဲဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅ ခုမှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး တောင်းဆိုထားသည့် အချက်များမှာ 
(က) စစ်ပွဲအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ လိုက်နာရန် ချမှတ်ထားသည့် ဂျီနီဗာကွန်ဗင်းရှင်းအား တိကျစွာ လိုက်နာရန်၊ (ခ) တိုက်ခိုက်မှုများ၊ ထိုးစစ်များ၊ အကြမ်းဖက်မှုများကို ချက်ချင်းလုံးဝရပ်တန့်ရန်နှင့် အမြန်ဆုံးဆွေးနွေးညှိနှိုင်းအဖြေရှာရန်၊ (ဂ) ဖမ်းဆီးထိမ်းသိန်းထားသည့် အရပ်သားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ (ဃ) ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အင်တာနက် ဖြတ်တောက်မှုကို အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန်နှင့် (င) မြန်မာအစိုးရ၊ အစိုးရစစ်တပ် အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာရန် စသည့်အချက် (၅) ချက်ပါဝင်သည်။

မကြာသေးခင်က ကိုဇော်ဝင်းလှိုင်အသတ်ခံရမှုနှင့်ပတ်သတ်၍ ဆက်တ်ိုက်စောင့်ကြည့်နေကြောင်း၊ အရပ်သားများ ထိခိုက်သေဆုံးမှုက အလွန်များပြားနေသဖြင့် အရက်ဘက် အဖွဲ့အစည်းများ အနေဖြင့် တရားမျှတမှုနှင့် အလားတူဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရန် လက်နက်ကိုင်အဖွဲ့အားလုံးကို တောင်းဆိုလိုကြောင်း မသဥ္ဇာရွှန်းလဲ့ရည်က နိရဥ္စရာသို့ ပြောသည်။

Atham- Freedom of Expression Activist Organization မှ အမှုဆောင်ဒါရိုက်တာကိုဆောင်းခက “ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖုံးကွယ်ဖို့ကြိုးစားတဲ့ အင်တာနက် ဖြတ်တောက်ထားမှု ဒါတွေနဲ့ပတ်သတ်ပြီး ပြည်မမှာနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စတွေပေါ်မှာပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့ အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့ ပြောချင်တယ်။ သံသယနဲ့  ဖမ်းဆီး စစ်ဆေးတဲ့ အခါသေဆုံးသွားတာ ၁၄ ယောက် ရှိလာပြီလို့ ကြားသိရတယ်။ ဂျီနီဗာကွင်ဗင်းရှင်းမှာ အဲ့လိုလုပ်ခွင့်လုံးဝမရှိဘူး။ အဲ့ဒီစာချုပ်ကိုလည်း မြန်မာနိုင်ငံကတရားဝင် လက်မှတ် ထိုးထားတဲ့ အတွက် မဖြစ်မနေ လိုက်နာဖို့လိုအပ်တယ်။ အခုလက်ရှိ အစိုးရစစ်တပ်ရဲ့ ဆောင်ရွက်နေမှုတွေဟာ လုံးဝ တရားမျှတတယ်လို့ မခံယူထားဘူး။ တရားလက်လွန်ဖြစ်တယ်။ ဒါဟာ ရခိုင်ပြည်သူလူထုပေါ်မှာ ဖိနှိပ်တယ်လို့ မြင်တယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုသော်လည်း ရခိုင်ပြည်ကို ကွက်ချန်ထားမှုကို တွေ့ရှိရကြောင်းနှင့် အစိုးရစစ်တပ်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်အတာဖြင့် အပစ်ရပ်စဲရန်လိုအပ်သည်ဟု ကိုဆောင်းခက ပြောသည်။

အဆိုပါကြေညာချက်(၅) ချက်အား အရပ်ဖက်အဖွဲ့အစည် (၁၅) ဖွဲ့မှ ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ကထုတ်ပြန်ခဲ့ကာ ဆက်လက်ပြီးရခိုင်အရေးနှင့်ပတ်သတ်၍ သေသေချာချာ အစည်အဝေးထိုင်ခြင်းဖြင့် plan ဆွဲနေကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

တောင်းဆိုသည့် အဖွဲ့ ၁၅ ဖွဲ့ထဲတွင် Atham- Freedom of Expression Activist Organization၊ Oway Education and Youths Institute၊ Myanmar Culture Research Society (MCRS)၊ Genuine People’s Servent (GPS)၊ Yangon Youth Network (YYN)၊ Equality Myanmar စသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ