စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စရဖတပ်ဖွဲ့ဝင်အသတ်ခံရမှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်လူငယ်၄ဦးကို စွဲချက်တင်သင့်၊မတင်သင့် ဇူလိုင်၁၅ရက်နေ့ အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.5k


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၉/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင် (စရဖ) ကိုဖိုးလုံးလုပ်ကြံခံရမှုကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသည့် ရခိုင်လူငယ် ၄ ဦးအား စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ကို လာမည့် ဇူလိုင် ၁၅ ရက်နေ့တွင် ချမှတ်သွားမည်ဟု အဆိုပါအမှုအား လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က နိရဥ္စရာသို့ ပြောသည်။

"မနေ့ကမှ စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးရတယ်။ နောက်တစ်ပတ်တနင်္လာနေ့ဖြစ်တဲ့ ၁၅ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ကို ချမှတ်မယ်"ဟု ရှေ့နေ ဒေါ်အေးနုစိန်က ဇူလိုင်လ ၉ ရက်နေ့တွင် ပြောသည်။

တရားစွဲခံထားရသည့်လူငယ် ၄ ဦးသည် ဘူးသီးတောင်မြို့မှ ကိုအောင်ချေ၊ ရသေ့တောင်မြို့နယ်မှ ကိုမေယုထွန်း၊ ပေါက်တောမြို့မှ ကိုခိုင်ဘိုဘိုနှင့် ရန်ကုန်တွင်နေသည့် ကိုရဲကျော်သူတို့ဖြစ်သည်။

သူတို့ ၄ ဦးသည် စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့ညက စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၃၄ ဖြင့် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲခံနေရသူတို့ဖြစ်ကြောင်း သိရသည်။

"ကိုယ့်သားသမီးကို ဒီလို မဟုတ်မတရား ဒီလိုလုပ်ထားတယ်ဆိုလို့ရှိရင် ကိုယ့်သားသမီးကို အမြန်ဆုံး ပြန်ပြီးတော့ လွတ်စေချင်တယ်ပေါ့လေ။ မဟုတ်မတရားတာကိုး။ ပြီးတော့ စာမေးပွဲဖြေဖို့လည်း လိုတယ်။ ၁ဝ လပိုင်းဆို စာမေးပွဲဖြေရတော့မယ်။ သူက Chemistry နောက်ဆုံးနှစ်၊ သူက နှစ်တိုင်း နှစ်တိုင်းအောင်ထားတာ။ ဒီနှစ်နောက်ဆုံးနှစ် စာမေးပွဲလည်း ဖြေစေချင်တယ်။ ကျောင်းလည်းသွင်းထားပြီးပြီ။ ဆိုတော့ သူ စာမေးပွဲဖြေဖို့အတွက် အမြန်ဆုံးလွတ်စေချင်တယ်။ သူက မဟုတ် မတရားဘဲ အဲလို ခံနေရတာ"ဟု တရားစွဲခံနေရသူတစ်ဦးဖြစ်သည့် ကိုအောင်ချေ၏မိခင်ဒေါ်သန်းတင်အေးက နိရဥ္စရာသို့ ပြောသည်။

စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံးအသတ်ခံပြီးနောက် ကိုအောင်ချေ၊ ကိုခိုင်ဘိုဘိုနှင့် ကိုမေယုထွန်းတို့ ၃ ဦးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ဒုတိယ အပတ်တွင် စစ်တွေမြို့မရဲစခန်း၌ သံသယဖြင့် ဖမ်းဆီးချုပ်နှောင် စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျပ်သိန်း ၃ဝဝ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး နောက်ထပ်သံသယရှိသူတစ်ဦးဖြစ်သည့် ကိုရဲကျော်သူကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီး၍ စစ်တွေသို့ပို့ဆောင်ခဲ့ပြီးနောက် ကိုအောင်ချေတို့ ၃ ဦးကိုလည်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထပ်မံဖမ်းဆီးကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သူတု့ိ ၄ ဦးစလုံးအား ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ရာ ဇူလိုင်လ ၈ ရက်နေ့အထိ ရုံးချိန်းပေါင်း ၂၄ ကြိမ်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - တရားစွဲခံနေရသည့် ရခိုင်လူငယ် ၄ ဦးကို ဇူလိုင်  ၈ ရက်နေ့ ရုံးချိန်းတွင် တွေ့ရစဉ်။

ဆက်စပ် သတင်းများ