စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

AAနှင့်ဆက်စပ်အမှုများကို နောက်ပိုင်းတွင် အကြမ်းဖက်မှု၊ဖောက်ခွဲမှုပုဒ်မများဖြင့် တရားစွဲဆိုမှုပိုများလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 6.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၂၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကို တရားစွဲဆိုရာတွင် နောက်ပိုင်းအမှုများကို အကြမ်းဖက်မှု၊ ဖောက်ခွဲမှုပုဒ်မများဖြင့် တရားစွဲဆိုမှု ပိုများလာသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ကျမခန့်မှန်းမိသလောက်တော့ ၁၇(၁) (၂) ကတော့ ပြစ်ဒဏ် နည်းတယ်နော်။ ၁၇ (၁)(၂)က  ကျမတို့ ဒီမတ်လ မတိုင်ခင် စွဲတင်တဲ့ အမှုတွေလောက်ဘဲ ရှိမယ်။ ရှိနိုင်ရင်တောင်မှ သုံးလေးမှုလောက်ပေါ့နော်။ ဒီလောက်ပဲ ရှိမယ်။ ကျန်တာတွေကတော့ အကုန်လုံး အကြမ်းဘက်နဲ့ဘဲ တင်တော့တယ်။ နောက်ထပ်ဖောက်ခွဲ ဥပဒေတွေနဲ့လည်းတင်တယ်” ဟု ပြောဆိုသည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) (၂) တို့ဖြင့် တရားစွဲဆိုနေရာမှ  ၂ဝ၁၉ ခုနှစ် မတ်လ နောက်ပိုင်းမှ  စတင်ပြီး အကြမ်းဖက်မူ ပုဒ်မ ၅ဝ (က)၊ အကြမ်းဖက်မှု ကူညီအားပေးမှု ပုဒ်မ ၅ဝ (က)/ ၅၂-၅၄ တို့အပါအဝင် ဖောက်ခွဲမှုပုဒ်မ (၃) တို့ဖြင့်  တရားစွဲဆိုလာသည်ဟုဆိုသည်။

 “ ဒါကတော့ ဟုတ်တယ်။ နောက်ပိုင်းအမှုတွေက အကြမ်းဖက်၊ဖောက်ခွဲပုဒ်မတွေက ပိုများလာတာကို တွေ့ရတယ်တယ်” ဟု စစ်တွေမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောကြားသည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)(၂) က (၁) ဖြင့် တရားမစွဲတော့ဘဲ အကြမ်းဖက်၊ဖောက်ခွဲပုဒ်မများဖြင့် တရားစွဲဆိုလာခြင်းမှာ အချက် ၂ ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေါ်အေးနုစိန်က ပြောဆိုသည်။

“ အဲဒီ ၁၇(၁)(၂)က ပြစ်ဒဏ်တွေနည်းနေတဲ့ အတွက်ဘဲ ဟိုမတရားသင်းနဲ့ ဆက်စပ်တယ်ဆိုတာ မတင် တော့တာလား။ ဒါမှမဟုတ် အကြမ်းဘက်ဆိုရင် နိုင်ငံတကာပါ ဝင်ပါနိုင်လောက်တဲ့ ကျယ်ပြန့်တဲ့၊ ကြီးကျယ်လောက်တဲ့ အနေအထားမျိုးတွေနဲ့ဘဲ အကြပ်ကိုင်တာမျိုး၊ ခြိမ်းခြောက်တာမျိုး၊ ဖိနှိပ်တာမျိုး လုပ်ချင်လို့လားတော့ မသိပါဘူး” ဟု ဒေါ်အေးနုစိန်က ပြောဆိုသည်။

မတရားအသင်းပုဒ်မ ၁၇(၁) (၂) တို့၏ ပြစ်ဒဏ် ၁နှစ်မှ ၅ နှစ်ထိရှိပြီး အကြမ်းဖက် ပုဒ်မနှင့် ဖောက်ခွဲပုဒ်မ၏ ပြစ်ဒဏ်မှာ အမြင့်ဆုံး ထောင်တစ်သက်ချမှတ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။ 

“ ၁၇ (၁) ဆိုရင် တစ်နှစ်အနည်းဆုံး၊ သုံးနှစ်အများဆုံး။ ၁၇ (၂) ဆိုရင် သုံးနှစ်အနည်းဆုံး။ ငါးနှစ်အများဆုံး။ ဆိုတော့ အခုဖောက်ခွဲ ဥပဒေက အနည်းဆုံးထောင်ဒဏ်၁ဝနှစ်။ ဆိုတော့ ဒီအကြမ်းဘက်ကလည်း ဒီအတိုင်းပဲ။ အနည်းဆုံး ဆယ်နှစ်တွေများတယ်။ တစ်နှစ်တို့ သုံးနှစ်တို့ ခုနှစ် နှစ်တို့ပြဌာန်းချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ အများဆုံး ပြဌာန်းထားတဲ့ ပုဒ်မတွေကတော့ ၁ဝ နှစ်၊ အနည်းဆုံး တစ်သက်တစ်ကျွန်း။ အများဆုံး ပြီးရင် တစ်သက် တစ်ကျွန်းဆိုတာကလည်းပဲ ဟိုတုန်းက ကျမတို့ ရာဇသတ်ကြီးမှာလို နှစ် ၂ဝ မဟုတ်တော့ဘူး။ ထောင်ထဲမှာ တစ်သက်သုံးနေရမယ့် ပြစ်ဒဏ်ကိုဆိုလိုသည် ဆိုတဲ့ အဓိပ္ပါယ်အသစ် ဖွင့်ဆိုချက်တွေ့ပါတယ်” ဟု ဒေါ်အေးနုစိန်က ဆက်လက် ပြောဆိုသည်။

တရားစွဲဆိုခံရသူများမှာ သူတို့၏ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး တရားစွဲဆိုခြင်းသာဖြစ်ပြီး ပြစ်ဒဏ်များများချလို၍ ပုဒ်မများ ပြောင်းလဲ တရားစွဲခြင်းမှာ  မဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“ ကျွန်တော်မြင်တာကတော့ ဥပဒေကြောင်းအရ ဆက်စပ်မှုရှိရင်တော့ အဲလိုဘဲ စွဲဆိုခံရမှာပါဘဲ။ သူတို့ရဲ့ လုပ်ဆောင်ချက်မှု အပေါ်မှာတော့ မူတည်မှာပေါ့။ ခုနက ပြောသလို ပြစ်မှု ပြစ်ဒဏ်ဆိုတာထက် ကျွန်တော်တို့ ကြည့်ရမှာက သူရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လုပ်ဆောင်ခဲ့တဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ စွဲတာကလည်း လုပ်ဆောင်ချက်အပေါ် မူတည်ပြီး စွဲတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် လူပေါင်း ၁ဝဝ ကျော်ခန့် ရခိုင်ပြည်နယ်ထဲတွင် ရှိနေပြီး ထိုအထဲတွင် ဖမ်းဆီးခံထားရသည့် မြောက်ဦးမြို့ ဂန္ဓမာကျောင်းတိုက်ဆရာတော် ဦးညာဏနှင့် ပုဏ္ဏားကျွန်းမြို့ သီရိမေဇုံကျောင်းတိုက်ဆရာတော်တို့လည်း ပါဝင်သည်။

၎င်းဆရာတော် နှစ်ပါးအား ပုဒ်မ ၈၇၁၊ ၈၇၂၊ ၃၊ ၆ အပါအဝင် ပုဒ်မ ၅ဝ တို့ဖြင့် လူဝတ်လဲကာ တရားစွဲဆိုထားသည်ဟု  မြောက်ဦးမြို့ဂန္ဓမာကျောင်းတိုက်ဆရာတော် ဦးညာဏ၏ ဖခင်ဖြစ်သူ ဦးသာထွန်းက ပြောဆိုသည်။

“ ဦးဥာဏက စစ်တွေက်ို ဓမ္မစရိယဖြေဖို့သွားတာ။ အပြန်လမ်းမှာ အဖမ်းခံရတာပါ။ အသက် ၁၂ နှစ်အရွယ်ကတည်းက ရှင်ပြုပြီးရဟန်းဘဝနဲ့နေလာတာပါ။ ဒီလို ပုဂ္ဂိုလ်မျိုးကို အကြမ်းဖက်မှု၊ ဖောက်ခွဲမှုတွေ အပါအဝင် ပုဒ်မ ၅ ခုလောက်နဲ့ အမှုဖွင့် တရားစွဲထားပါတယ် ” ဟု သူက ပြောသည်။

ဂန္ဓမာကျောင်းတိုက်ဆရာတော် ဦးဥာဏအား ပုဏ္ဏားကျွန်း သီရိမေဇုံကျောင်းတိုက်ဆရာတော်က တပည့်ဖြစ်သူ ကျော်ဆန်းနှင့် အတူ မြောက်ဦးသို့ ကားဖြင့်လိုက်ပို့စဉ်  ဧပြီလ ၈ ရက်နေ့က ကျောက်တော်မြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ယခုဆိုလျှင် ၎င်းအမူကို ရင်ဆိုင်နေရသည်မှာ ၄ လကြာခဲ့ပြီဖြစ်ကြောင်းသိရသည်။

ခိုင်လုံသောအထောက်အထားမရှိဘဲ သံသယတစ်ခုတည်းဖြင့် စွပ်စွဲဖမ်းဆီးမှုသည် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်ကို ဆုံးရှုံးစေသည်သာမက လူ့အခွင့်အရေးအရလည်း ဆုံးရှုံး နစ်နာမှု ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဦးအောင်သန်းဝေ ကပြောသည်။

“ စစ်တွေမြို့မှာ ဦးအောင်သန်းဝေကို လူတိုင်းမသိပေမယ့် ကျွန်တော်နာမည်ကိုတော့ စစ်တွေမြို့က  ၅ဝ ရာနှုန်းလောက်သိတယ်။ အဲလိုလူကိုတောင် မတရားဖမ်းဆီး ထောင်ချတယ်ဆိုရင် နယ်ကလူတွေကို ပြောစရာတောင် မလိုဘူး။ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ဖမ်းဆီးတာဟာ နိုင်ငံသားတစ်ဦးရဲ့ရ ပိုင်ခွင့်တောင်မဟုတ်ဘူး။ တည်ဆဲဥပဒေကို မျက်ကွယ်ပြုရာရောက်ပါတယ်။ ဒါဟာ ထင်တိုင်းလုပ်တတ်တဲ့အာဏာရှင် ဗျူရိုကရေစီ စနစ်ကိုကျင့်သုံးမှုမျိုးလို့မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ် သတင်းများ