ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အိမ်ဖြိုခံရ၍ အမ်းမြို့မှ မိသားစု ၃ စုနေထိုင်စရာမရှိဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ အိမ်သုံးလုံး ယနေ့နံနက် ၈ နာရီက ရဲတပ်ဖွဲ့အပါအဝင် မြို့နယ် အာဏာပိုင်အဖွဲ့က အင်အားသုံး ဖြိုဖျက်ခံခဲ့ရပြီးနောက် အိမ်ဖြိုဖျက်ခံရသူများမှာ နေစရာမရှိ၍ လမ်းပေါ်တွင် နေထ်ိုင်နေကြရသည်ဟု မိသားစုဝင်များက နိရဥ္စရာသို့ ပြောကြားသည်။

ဖြိုဖျက်ခံရသည့် အိမ်သုံးလုံးမှာ ဦးဟေမာန်-ဒေါ်တင်မာသန်းအိမ်၊ ဦးသိန်းထွန်းအိမ်နှင့် ဒေါ်စောစောတို့ အိမ်ဖြစ်ကြောင်း သိရသည်။

ဦးဟေမန်က “ သူတို့က နိုင်ငံတော် အမိန့်အရလို့ ပြောပါတယ်။ ဒုဦးစီးနေခဲ့တဲ့ အိမ်ရဲ့ နောက်ဘက်ခြမ်းမှာ နေခဲ့တဲ့ အိမ်တွေပါ။ ဒုဦးစီး အိမ်ခြံမြေက ဝ. ၂၃ ဧကလို့ ပြောပါတယ်။ ခြံစည်းရိုးခတ်ထားတယ်။ ကျွန်တော်တို့က ခြံစည်းရိုး အပြင်မှာ နေထိုင်နေကြတာပါ။ သူရဲ့ အိမ်ဥပစာနဲ့ မလွတ်လို့ဆိုပြီး အဲဒီအပြင်ဘက်မှာနေတဲ့အိမ်တွေကို ဖြိုသွားတာပါ” ဟု ပြောကြားသည်။

၎င်းအိမ်ပိုင်ရှင်များမှာ ၎င်းနေရာတွင် နေထိုင်သည်မှာ ၂ဝဝ၈နဲ့ ၂ဝဝ၉ နှစ်လောက်ကဖြစ်ပြီး  ခြုံတွေ၊ တောတွေကို ခုတ်ထွင်ရှင်လင်းပြီး နေထိုင်လာခဲ့ရကြောင်း၊ အစဉ်အဆက် မည်သူမျှလည်း နေထိုင်လာခဲ့သည့် မြေဟုတ်ကြောင်း ၎င်းက ပြောသည်။

“ ကျွန်တော်က စစ်မှုထမ်းဟောင်းပါ။ ပင်စင်စားပါ။ ဒီလို လုပ်တာဟာ မတရားလို့ ခံစားရတယ်။ သူတို့ဧရိယာထဲမှာ ကျွန်တော်တို့ နေအိမ်တွေ မပါဘူး။ အမ်းမြို့ဟောင်းကို ဖြိုပြီး ဒီနေရာကို မရွှေ့ခင်ကတည်းက ဒီနေရာမှာ ကျွန်တော်တို့ နေထိုင်လာတာပါ။ ဘယ်သူမှ အရင်က မနေခဲ့ဘူး” ဦးဟေမာန်က ဆက်လက်ပြောကြားသည်။ 

အိမ်ဖြိုခံရသည့် မိသားစုတွင် လူဦးရေ ၁၂ ဦးရှိပြီး လောလောဆယ် သွားစရာ နေရာမရှိသေးကြောင်း၊ လမ်းပေါ်တွင် နေနေရကြောင်း  အိမ်ဖြိုခံရသူ နောက်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက ပြောကြားသည်။

“ အခု သူတို့က အိမ်ဖြိုခံလိုက်ရတဲ့ အတွက် နေစရာမရှိတဲ့ အတွက် လမ်းဘေးမှာ ဒီအတိုင်းဘဲ ထိုင်ပြီး ငိုနေကြပါတယ်။ ကျွန်တော်တို့မှာ ဘယ်ကိုမှ သွားစရာမရှိပါ။ သူတို့ မနက်က အားနဲ့ လာဖြိုတာပါ။ ကျွန်တော်တို့ သဘောနဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခဏနေခွင့်ပြုဖို့ တောင်းပန်ပါတယ်။ မရပါဘူး။ အားနဲ့ ဆွဲချပါတယ်။ ကျန်းမာရေး မကောင်းလို့ပါလို့။ ခဏလေးနေပါရစေလို့၊ မရပါ။ ကျွန်တော်ကို သူတို့မှာ ပါလာတဲ့ လူနှစ်ယောက် သုံးယောက် လာမ ပါတယ်။ မြို့နယ် ဒုအုပ်ချုပ်ရေးမှူးရဲ့ နောက်က လူနှစ်ယောက် သုံးယောက်လောက်က လုပ်တာပါ။ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ၂ဝဝ၈ ကတည်းက နေတာပါ။ ကျွန်တော်ထင်တာက တစ်ယောက်ယောက်က ပိုက်ဆံပေးထားလို့ ဒီမြေကို လိုချင်တဲ့ အတွက် ကျွန်တော်တို့ကို နှင်ထုတ်တာထင်တာဘဲ” ဟု ပြောကြားသည်။

၂ဝ၁၉ ခုနှစ်သြဂုတ် ၁ ရက်နေ့ နေ့စွဲဖြင့် အမ်းမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းမှ ဦးဟေမာန်အပါအဝင် လက်ရှိနေထိုင်သူများအားလုံးဟု လိပ်မူကာ စာတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း၊ ၎င်းစာထဲတွင် ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ မရ ဤနို့တစ်စာရသည့် (၁-၈-၂ဝ၁၉) နေ့မှ ဆယ့်ငါးရက် အတွင်း အဆိုပါ အိမ်ဥပစာမှ ထွက်ခွာသွားရမည်ဟု အောက်တွင် လက်မှတ်ရေးထိုးထားသူက ဦး ဟေမာန် နှင့် လက်ရှိ နေထိုင်သူ အားလုံးအား ဆင့်ဆိုလိုက်သည်ဟု ပါရှိသည်။ 

၎င်းပြင် စာထဲတွင် အကယ်၍ အဆိုပါ အိမ်ဥပစာမှ အထက်တွင် သတ်မှတ်ထားသည့် ရက်အတွင်း ထွက်ခွာမသွားလျှင် ဦးဟေမာန်နှင့် လက်ရှိနေထိုင်သူများ အားလုံးသည် အနိုင်အထက်ပြုမှုဖြင့် ထိုအိမ်ဥပစာမှ ဖယ်ရှားခြင်း ခံရလိမ့်မည်ဟု ပါရှိကြောင်း သိရသည်။

ဦးဟေမာန်၏ ဇနီး ဒေါ်တင်မာသန်းက “ ကျွန်မတို့ အထက်ကို မတင်ပြမဟုတ်ဘူး။ တင်ပြပါတယ်။ ဒီ လ ၇ ရက် နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို သံတွဲတွင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အသနားခံစာတင်ပါတယ်။ ဝန်ကြီးချုပ်က ကျွန်မတို့ကို စိစစ်ပေးမယ်။ စိတ်အေးအေးထားပါ။ အသနားခံစာတင်ပြီးမှာ သူပြောသွားခဲ့တာပါ။ ကျွန်မတို့ကလည်း ဝန်ကြီးချုပ်က စိစစ်ပေးမယ်လို့ ပြောတဲ့ အတွက် အေးအေးဆေးဆေးနေထိုင်နေတာမှာ ဒီနဲ့ အိမ်တွေကို အင်အားနဲ့ ဖြိုပြီး ကျွန်မတို့ နှင်ထုတ်ခံခဲ့ရပါတယ်” ဟု  ပြောသည်။

အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်အား ဆက်သွယ်ရာ အမ်းသို့ ကိုယ်တိုင်သတင်း လာယူရန်နှင့် ဥပဒေအညီ ဖြိုဖျက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာတွင်လည်း ကားပေါ်တွင် ဖြစ်နေကြောင်း၊ ၎င်းအိမ်များကို ဥပဒေနှင့် အညီ ဖြိုဖျက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းနေရာတွင် အိမ် ၁၆ လုံးရှိပြီး ယင်းအထဲမှ ဆင်းရဲနွမ်းပါးသူ အိမ် ၃ လုံးကို ဖြိုဖျက်ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

(ဓာတ်ပုံ- ဇေယျကျော်)

ဆက်စပ် သတင်းများ