သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက်ပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး သွေးအန်၍ ဆေးရုံတင်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂ဝ၁၉

ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်သည့် သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုရင်ဆိုင်နေရသူ လူငယ်တစ်ဦး သွေးအန်၍ ယနေ့ ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

ဆေးရုံတင်လိုက်ရသူမှာ ကိုစည်သူအောင်(၂ဝ) နှစ်ဖြစ်ကာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂(က) ဖြင့် စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံနေရာမှ သွေးအန်လာသည့်အတွက် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီက ပို့ဆောင်ကုသနေရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ကိုစည်သူအောင်၏ ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက “ ကျနော်သားက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သွေးအန်ပါတယ်။ နောက်ပြီး သူ့ကို ရှော့ခ်တိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ဆေးရုံတင်ရတာပါ။ သူဘာဖြစ်နေတာလဲဆိုတာ အဖြေမှန် မသိရသေးပါဘူး။ ကျနော်တို့သားကို ဆေးကုသမှု ရစေချင်ပါတယ်။ သားလေးကိုဒီလိုမြင်ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ပြန်လွတ်ပေးစေချင်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေပြည်သူ့ ဆေးရုံမှ တာဝန်ကျ ဆရာဝန်နှင့် ဆေးရုံအုပ်ကြီးတို့အား နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ကိုစည်သူအောင်သည် ဖမ်းဆီးစစ်ဆေးခံနေရစဉ် သွေးအန်လာသည့်အတွက် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်တွေဆေးရုံတွင် သွားရောက်ပြသခဲ့ရသည်။  စစ်ကြောရေးမှ ရရှိလာသော ဒဏ်ရာဖြင့် ယခု သွေးအန်သည်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး လေးငါးရက်ခန့် ရှိနေပြီဟုလည်း ဖခင်ဖြစ်သူက ပြောကြားသည်။

ကိုစည်သူအောင်၏အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ဒေါ်အေးနုစိန် က " မနက်ဖြန် ရုံးချိန်းမှာ သူမပါလည်းရုံးချိန်းတင်မှာဘဲ။ သူနေမကောင်းရင်တော့ လာမှာမဟုတ်ဘူးပေါ့။ ကျန်တဲ့လူတွေ ကိုတော့ ရုံးချိန်းတင်မှာပါ"ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

ကိုစည်သူအောင်အား စစ်တွေဆေးရုံကြီး အချုပ်ခန်းတွင်ထားရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ကိုစည်သူအောင်မှာ မြောက်ဦးမြို့နယ် နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မတ်လ ၁၂ ရက်နေ့တွင် မြောက်ဦးမြို့နယ် ချောင်းတိုက် တံတားအနီး၌ လူနာတစ်ဦးကို လိုက်ပါပို့ဆောင်ရာလမ်း၌ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ သိရသည်။

ကိုစည်သူအောင်နှင့်အတူ အမှုရင်ဆိုင်နေရသူ ၁၂ ဦးမှာ မြောက်ဦးမြို့နယ်ကျောင်းတောင်ကျေးရွာ၊ မြောက်ဦးမြို့ အောင်မင်္ဂလာ ရပ်ကွက်၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာနှင့် စစ်တွေမြို့မှ လူနာလာတင်သူ ကားဆရာ နှစ်ဦးတို့ ဖြစ်ကြပြီး ၄င်းတို့အား စက်တင်ဘာ ၁၈ ရက်နေ့တွင် တတိယအကြိမ် ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ