- Web Master
- ၀၈ ဖေဖော်ဝါရီ ၂၀၂၂
စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ၁၈/၂ဝ၁၉
ရခိုင်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အပြစ်မဲ့သည့်ဒေသခံများအား အာဏာပိုင်များမှ ဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဂျပန်နိုင်ငံရောက် ရခိုင်လူမျိုးများက ယနေ့ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် (Arakan Youth Union-Japan)က ဦးဆောင်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကုလသမဂ္ဂ ရုံးရှေ့တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
"စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေသေဆုံးခဲ့ရတယ်။ တိုက်ပွဲအတွင်း ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့်လည်း သေကြရတယ်။ ကျွန်တော်တို့ ပြည်တွင်း အဖွဲ့အစည်းတွေဆီက စာရင်းကောက် ကြည့်သလောက်ဆိုရင် သေဆုံးသူက ၁ဝဝဝန်းကျင်ရှိနေပြီ။ AA နဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖမ်းဆီးထားတာလည်း ၃ဝဝ ကျော်ထိ ရှိနေတယ်။ ဒါတွေကို ကန့်ကွက်ရှုတ်ချပါတယ်" ဟု ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် ၏ ပြန်ကြားရေးမှူ း ကိုမောင်လှသိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်ဒေသ စစ်ပွဲတွင် မြန်မာ့တပ်မတော် အနေဖြင့် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်နေခြင်းကိုလည်း ကန့်ကွက်ရှုတ်ချ ကြောင်း ၄င်းက ဆက်ပြောသည်။
"ဒီကိစ္စက တိုင်းရင်းသားလူမျိုးတမျိုးရဲ့ ရပိုင်ခွင့်နဲ့ သက်ဆိုင်ပါတယ်။ပြည်တွင်းစစ်မှာ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်တယ်ဆိုကတည်းက ဒါ မြန်မာ့ တပ်မတော်ဟာ တိုက်ပွဲကျင့်ဝတ်တွေကို ချိုးဖောက် တာပါပဲ။ဒါကိုလည်း ကျွန်တော်တို့ လုံးဝ ကန့်ကွက်ပါ တယ်"ဟု ကိုမောင်လှသိန်းက ပြောသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊မင်းပြား မြို့နယ်၊ရွှေကျင်ကျေးရွာနှင့် ဒိုင်းသားကျေးရွာအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ် သုံးစီး အသုံးပြု တိုက်ခိုက်ခဲ့သလို ယခင်က တိုက်ပွဲများတွင်လည်း အသုံးပြုတိုက်ခိုက်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆန္ဒပြပွဲတွင် ရခိုင်၊ ကချင်၊ ကရင် လူငယ် ၃ဝ ခန့် ပါဝင်ခဲ့သည်ဟု သိရသည်။