ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စရဖ တပ်ဖွဲ့ဝင်သေဆုံးမှုကြောင့် အမှုရင်ဆိုင်နေရသူ ကိုရဲကျော်သူ သက်သေခိုင်လုံမှုမရှိ၍ တရားသေလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၃ / ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်တွေထောင်ထဲမှ နေ၍ အမှုရင်ဆိုင်နေရသူ ကိုရဲကျော်သူသည် ယနေ့တွင် တရားသေလွတ်မြောက်သွားပြီဟုသိရသည်။
 
သူသည် အမှုနှင့်ပတ်သက်ပြီး သက်သေခိုင်လုံမှုမရှိသည့်အတွက် စစ်တွေခရိုင်တရားရုံးက  စက်တင်ဘာလ ၂၃ ရက်  ယနေ့တွင် အမှှုမှ တရားသေ လွတ်မြောက်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
 
"ဒီအမှုမှာ ကိုဖိုးလုံး ရဲ့မိန်းမဖြစ်သူ တရားလိုဘက်က ထွက်ဆိုချက်တွေက လိုအပ်ချက်တွေ ဟာကွက်တွေရှိခဲ့တယ်။ သက်သေမခိုင်လုံတဲ့အတွက် ကိုရဲကျော်သူကို အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်စေတာပါ။ "ဟု ၄င်းအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
 
ကိုရဲကျော်သူ(ခေါ်) ကိုရဲဇော်ကို အပြစ်ပေးသင့်၊ မပေးသင့် စက်တင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် လျှောက်လဲချက်ပေးပြီးနောက် ယခုကဲ့သို့ အပြီးသတ်အမိန့်ခ ျမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
 
စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးသည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
 
ယင်းအမှုနှင့်ပတ်သက်ပြီး ကိုရဲကျော်သူအပါအဝင် ရခိုင်လူငယ် လေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ကျန်သည့် သုံးဦးကို အမှုနှင့်ပတ်သက်မှုမရှိဟုဆိုကာ ပြီးခဲ့သည့် ဇွန်လအတွင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။
 
ကိုရဲကျော်သူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ကျင်းပသော ရခို်င်ပြည်နယ်နေ့အခမ်းအနားတွင် ရဲက လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

(ဓာတ်ပုံ- မေယု)

ဆက်စပ် သတင်းများ