သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အိုးထိန်းကျေးရွာဆရာတော်အပါဝင် အုပ်ချုပ်ရေးမှူးတို့အား ဖမ်းဆီးထားသည်မှာ ၁ဝ ရက်ကျော်ပြီဖြစ်သော်လည်း အဆက်အသွယ်မရဖြစ်နေ၍ တွေ့ခွင့်ပေးရန် မိသားစုများ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 391

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အိုးထိန်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဆရာတော် တစ်ပါးအပါအဝင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကားဒရိုင်ဘာတစ်ဦးတို့အား တွေ့ခွင့်ရရှိရန် မိသားစုဝင်များ တောင်းဆိုလိုက်သည်။

စစ်တွေမြို့ သာသနာ့ဗိမာန်ကျောင်းတွင် ရခိုင်အခြေစိုက် နိရဥ္စရာဌာနမှ သတင်းသမားများနှင့် အောက်တိုဘာ ၂ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံထားရသည့် အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ ဒေါ်ဦးဝေနုက “ ဒီနှစ် ၉လပိုင်း ၂ဝ ရက် သောကြာနေ့က ရွာမှာ ဆွမ်းကျွေး ပရိတ်နာရှိလို့ ကျောက်ကျပ်ဆရာတော်ကို သွားပင့်ဖို့သွားကြတယ်လို့ ပြောပါတယ်။ သွားတဲ့အချိန်မှာ လင်းမြွေတောင် ဆုတောင်းပြည့်ဘုရားမှာ စစ်ဆေးခံနေရတယ်လို့ ဆက်သွယ်လာတဲ့အချိန် ပြောပါတယ်။ ဆက်သွယ်လာတဲ့ အချိန်မှာ ရွာကရပ်မိရပ်ဖတွေနဲ့ အားမခံပေးဖို့လာခဲ့ ပြောလို့ သွားကြာတဲ့အချိန်မှာ တွေ့ခွင့်လည်း မရခဲ့ပါဘူး။ အဲဒီကတည်းက သူတို့နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရတော့ပါဘူး” ဟု ပြောသည်။

အိုးထိန်းကျောင်းထိုင်ဆရာတော် ဘန္ဒန္တဦးကဝိတဇ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကားဒရိုင်ဘာ ဦးမောင်သာစိန်တို့သည် ပြီးခဲ့သည့် စတင်ဘာလ ၂ဝ ရက်နေ့က ကျောက်ကျပ် ဆရာတော်အား ပင့်ဖိတ်ရန်သွားစဉ် လင်းမြွေတောင်အနီးတွင် စစ်တပ်ကဖမ်းစီးခေါ်ဆောင် သွားခြင်းဖြစ်သည် ဟု မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့်နေမှစ၍ ယနေ့ထိ တစ်စုံတစ်ရာသတင်းလည်းမရ တွေ့ခွင့်မရရှိကြောင်း၊ မည်သည့်နေရာသို့ ရောက်ရှိနေသည်၊ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်၊ မည်သည့်အတွက်ကြောင့်  မည်သည့်အနေအထားမျိုးနှင့် ဖမ်းဆီးခံထားရသည်ကို မသိရ၍ မိသားစုဝင်များက လွန်စွာစိုးရိမ်ဝမ်းနည်းနေရကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကပြောသည်။

“ဆရာတော်ကို တွေ့ခွင့်ရမလားဆိုပြီး ဖြစ်တဲ့နေ့က အနီးအနားကျေးရွာက ဆရာတော်ကြီးတွေကို ပင့်ပြီး လင်းမြွေတောင်ကို သွားတဲ့အချိန်မှာ အဲ့ဒီမှာ ရှိတယ်လို့ပြောပါတယ်။ မစိုးရိမ်နဲ့လို့ အဲ့ဒီကပြောပါတယ်။ ကျမတို့ရွာက ဆရာတော်ကြီးက တွေ့ခွင့်တောင်းတော့ တွေ့ခွင့်လည်းမပေးဘူးလို့ ပြောပါတယ်။ အခု ဘယ်ရောက်နေသလဲဆိုတာ သိချင်ပါတယ်” ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်မဆန်းနွယ်က ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများ လွတ်မြောက်နိုင်ရေးနှင့် တွေ့ခွင့်ရရှိရေးအတွက်  ကျေးရွာစာရေးတစ်ဦးက မြို့နယ်အထွေထွေ အုပ်ချပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းမှ လူကြီးသူမတွေလည်း လက်မှတ်ထိုးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ စာတင်ခဲ့ကြသည်ဟုလည်း မိသားစုဝင်များက ပြောသည်။

ဆက်လက်ပြီး မြို့နယ်သဃာ့နာယက အဖွဲ့ကလည်း ဖမ်းဆီးခံရသူများနှင့် တွေ့ခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၊ နယ်လုံဝန်ကြီး၊ စစ်တပ်ဘက်မှ ဒစကမှူးတို့ထံသို့ အသနားခံစာကို သုံးနေရာသို့ တင်ထား ကြောင်း ပြောသည်။

 “ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အစည်းအဝေးမှာ နယ်လုံနဲ့တွေ့တယ်လို့ပြောပါတယ်။ တွေ့တဲ့အချိန်မှာ မေးကြည့်တော့ အိုးထိန်းဘုန်းကြီးက ကျန်းကျန်းမာမာပါ။  အလွန်လည်း မစိုးရိမ်နဲ့  စစ်တွေမှာရှိတယ်လို့ ဝန်ကြီးချုပ်က ဦးဇင်းတို့ကို အကြောင်းပြန်ခဲ့တယ်”ဟု မြောက်ဦးမြို့ဦးဂေါင်းဆရာတော်က ပြောသည်။

ဆက်စပ် သတင်းများ