ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖြတ်တောက်ခံအင်တာနက်လိုင်းပြန်ဖွင့်ပေးရန် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.6k

မြတ်နှင်းခင်
နိရဥ္စရာ၊အောက်တိုဘာ ၈/၂ဝ၁၉

အင်တာနက်လိုင်း ဖြတ်တောက်ခြင်းခံထားရဆဲဖြစ်သော ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် လိုင်းပြန်ဖွင့်ပေးရန် ရခိုင်လူငယ် အဖွဲ့ (၁၉) ဖွဲ့ဖြင့် ပူးပေါင်းထားသော ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက်မှ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

လက်ရှိ ရခိုင်အရေးနှင့် ပတ်သက်ပြီး ရခိုင်လူငယ် အသင်းအဖွဲ့များက သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ရာတွင် ၎င်းအချက်ကို တစ်ခြားအချက် ၄ ချက်နှင့် အတူ ဦးစားပေး ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်သည်။

အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် စစ်တွေမြို့ ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ယက်ရုံးတွင် ရခိုင်လူငယ် အသင်းအဖွဲ့ (၁၉) ဖွဲ့က ရခိုင် ပြဿနာများနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် ၎င်းတောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေက”ကျွန်တော်တို့ အခုလို့ ထုတ်ပြန်တာက ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ အဲဒီ Statement ထုတ်ပြန်ချက်ထဲမှာ ပါရှိတဲ့ အချက်တွေ အားလုံးကို ချိုးဖောက် ခံထားရတဲ့အတွက်ပါပဲ” ဟု ပြောဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် ပါရှိသော တောင်းဆိုချက် ၅ ချက်မှာ

၁။ ရခိုင်ပြည်အတွင်း ၂ဝ၁၉ ၊ ဇူလိုင်လအတွင်းမှ ယနေ့အချိန်ထိ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းခံထား ရသောမြို့နယ်များမှ လိုင်းပြန်မဖွင့်ဘဲ ကျန်ရှိနေသေးသည့်မြို့နယ်များအား  ပြန်လည်ဖွင့်ပေးရန်၊

၂။ရခိုင်ပြည်ရှိ စစ်ဘေးရှောင်ပြည်သူများအား အစိုးရမှ ကူညီပံပိုးမှု အပြည့်အဝပေးရေးနှင့်၊ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ လွတ်လပ်စွာသွားရောက်ကူညီခွင့်အားအစိုးရမှ ခွင့်ပြုပေးရန်၊

၃။တရားမျှတမှု၊ ငြိမ်းချမ်းရေးအတွက်တောင်းဆိုနေကြသည့် လူငယ်များအား အစိုးရမှဖမ်းဆီး တရားစွဲဆိုမှုပြုခြင်း များကို လုံးဝရပ်တန့်ပေးရန်၊

၄။စစ်ပွဲနှင့် စစ်ကြောရေးအတွင်း အပြစ်မဲ့အရပ်သားပြည်သူများ မတရားဖမ်းဆီးခံနေရခြင်း၊သေဆုံးနေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများအားရပ်တန့်ပေးရန်၊

၅။အရပ်ဖက်အဖွဲ့အစည်းများ၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် အစိုးရမှ ခွင့်ပြုမိန့်တင်ပြရန် ညွန်ကြားထားရှိပြီး ၎င်းညွှန်ကြားချက်ပါ တင်ပြမှုအား ရပ်တန့်ပေးရန် စသည့်အချက်များ ဖြစ်သည်။

အင်တာနက် ဆက်လက် အပိတ်ခံထားရသော မြို့နယ်များမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းတို့ ဖြစ်ကြသည်။

တောင်းဆိုသည့်အဖွဲ့များမှာ အနောက်တံခါးလူငယ်များအဖွဲ့၊ ရခိုင်လူငယ်များ စွမ်းရည် မြှင့်တင်ရေးအဖွဲ့၊ ရသေ့တောင်မြို့နယ် လူငယ်ကွန်ရက်၊ ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့၊မြိုလူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၊ ရက္ခပါလအဖွဲ့၊ ရခိုင့်မျိုးဆက်သစ် အမျိုးသမီးများအဖွဲ့၊ ကမ်းထောင်းကြီး လူငယ် မျိုးဆက်သစ် အဖွဲ့၊မြောက်ဦးလူငယ်များအစည်းအရုံး၊ ဘဝအားမာန်အသင်း၊ အစိမ်းရောင်ဘဝများ၊ အုန်းတောလူငယ်ပရဟိတ ဖောင်ဒေးရှင်း၊ သန္တာရင်သွီး လူငယ်ပရဟိတအသင်း၊ ရမ်းဗြဲမြို့နယ် လူငယ်များကွန်ရက်၊ ကျောင်းသားသမဂ္ဂ (တောင်ကုတ်ဒီဂရီကောလိပ်)၊ မရမာကြီး လူငယ်များ ကွန်ရက်၊ သက်လူငယ်များ ကွန်ရက်၊ရက္ခအားမာန် ပရဟိတ လူငယ်များအသင်း နှင့် တောင်ကုတ်လူငယ် ကွန်ရက် တို့ဖြစ်ကြသည်။ 

ဆက်စပ် သတင်းများ