သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA ပြောခွင့်ရသူ ခိုင်သုခ၏ ယောက်ဖအပါအဝင် အရပ်သားသုံးဦး လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ အောက်တိုဘာ ၂၂/ ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ယောက်ဖပါ သုံးဦးကို ယမန်နေ့က ကျောက်ဖြူခရိုင်တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ခိုင်သုခ၏ယောက်ဖဖြစ်သူ အမ်းမြို့နယ် ဓာတ်တော်ကျေးရွာမှ ဦးမောင်ဖြူသန်းအပါအဝင် ဦးစံအောင်ကျော်နှင့် ဦးရဲဘော်သူတို့သုံးဦးကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးထိန်လင်းက နိရဥ္စရာကိုပြောသည်။

" စွဲချက်မတင်ဘဲ လွှတ်လိုက်တယ်။ ဘာကြောင့် စွဲချက်မတင်ဘဲ လွှတ်လိုက်တယ်ဆိုတာက တရားစွဲဆိုတဲ့ အဖွဲ့အစည်းက တရားလိုပြသက်သေတွေ၊ ခိုင်မာတဲ့ သက်သေတွေကို မတင်ပြနိုင်တဲ့အတွက် လွှတ်လိုက်တာဖြစ်ပါတယ်။"ဟု ရှေ့နေ ဦးထိန်လင်းက ဆိုသည်။

အသက် ၅ဝ ကျော်စီရှိပြီဖြစ်သည့် သူတို့ သုံးဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တပ်မတော်၏ သံသယဖြင့် ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အမ်းမြို့ရှိ ၃၇၃ တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက အကြမ်းဖက်ဥပဒေပုဒ်မဖြစ်သည့် ၅ဝ (က)နှင့် ၅ဝ (ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်သုခ၏ယောက်ဖဖြစ်သူ ဦးမောင်ဖြူသန်းသည် အမ်းမြို့နယ်တွင် တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်ပြီး ဦးစံအောင်ကျော်သည် ဘုရားဂေါပလူကြီးတစ်ဦးဖြစ်သည်ဟု ရှေ့နေက ပြောသည်။ ဦးရဲဘော်သူမှာ ပေါက်တောမြို့နယ်ဇာတိဖြစ်သော်လည်း အမ်းမြို့နယ် ဓာတ်တော်ကျေးရွာတွင် သစ်/ဝါးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ရာနှင့်ချီပြီးရှိနေသည်ဟု သိရသည်။

ဓာတ်ပုံ - လွတ်မြောက်လာသူ သုံးဦးအနက် နှစ်ဦးအား တွေ့ရစဉ်။

Photo - Wai Lu

ဆက်စပ် သတင်းများ