ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဖမ်းဆီးခံရသူသုံးဦးထဲတွင် အိုးထိန်းဆရာတော်နှင့်အုပ်ချုပ်ရေးမှူးတို့ကို ရုံးထုတ်သော်လည်း ကျန်တစ်ဦးမှာ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

နီမင်းထွန်း
နိရဥ္စရာ ၊ ဒီဇင်ဘာ ၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်အနီးတွင် ဖမ်းဆီးခံရသူ သုံးဦးအထဲမှ အိုးထိန်းရွာဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့အား ယမန်နေ့က ရုံးထုတ်သော်လည်း ကိုမြတ်မောင်ဆိုသူ လူငယ် တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း အိုးထိန်းကျေးရွာသားများက ပြောသည်။  

ယခုနှစ် စက်တင်ဘာ ၂ဝ ရက်နေ့က မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာမှ ဆရာတော်ဦးကဝိဓဇ၊  ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစောထွန်းနှင့် ကိုမြတ်မောင်တို့သည် ကျောက်ကျပ်ဆရာတော်အား ပင့်ဆောင်ရန် ကားဖြင့် သွားရောက်စဉ် လမ်းမြွေတောင်တွင် တပ်စွဲထားသည့် တပ်မတော် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခဲ့သည်။

၎င်းတို့သုံးဦးအား ဖမ်းဆီးပြီး နှစ်လအကြာ နိုဝင်ဘာလ၂၃ ရက်နေ့တွင် ကျောက်တော်ရဲစခန်းမှတစ်ဆင့် စစ်တွေ အမှတ်(၁) ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီဟု တပ်မတော်ဘက်က ပြောဆိုသည်။

သို့သော်လည်း ယမန်နေ့က ရုံးထုတ်ရာတွင် ဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးကိုသာ ရုံးထုတ်ပြီး ကိုမြတ်မောင်ဆိုသူ ပါဝင်လာခြင်း မရှိဟု အိုးထိန်းကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခံထားရသည့် အထဲတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူး ဦးဝေစောထွန်း၏ အစ်မဖြစ်သူ ဒေါ်အေးသောင်းစိန်က "စေတီကို ထုံးဖြူသုတ်ဖို့ အတွက် ကျောက်ကျပ်ဘုန်းကြီးကိုသွားပင့်တာ။ ကျွန်မတို့ အစ်ကိုနဲ့ အတူ ဖမ်းသွားတာ သုံးယောက်မှာ အခုကားဒရိုင်ဘာ ပါမလာဘူး။ သူ့ကို AAဆိုပြီး စွပ်စွဲလို့ သတ်ပစ်ကြပြီလားမသိဘူး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းပြင် အိုးထိန်းဆရာတော်ကို လူဝတ်လဲထားသည်ကို တွေ့ရသဖြင့် စိတ်မကောင်းကြောင်း၊  ဆရာတော်သည် မှတ်တတ်စအရွယ်ကတည်းက ကြက်လေး တစ်ကောင်မှ ခိုးမစားဖူးကြောင်း၊ ယခုလို အကြမ်းဖက်မှုနှင့် တရားစွဲ ဖမ်းဆီးထားသည်ကို တွေ့ရ၍ အထူးစိတ်မကောင်းကြောင်း ပြောကြားသည်။ 

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ ဒါရိုက်တာက ဦးမြတ်ထွန်းက “သုံးယောက်အတူတူ ဖမ်းတာမှာ တစ်ယောက်ကို ချန်ထားတာက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ သူဟာ အေအေဘဲ ဖြစ်နေ ဖြစ်နေ၊ ဘယ်သူပဲဖြစ်ဖြစ် သူ့ကို တရားဥပဒေအရဘဲ အရေးယူဆောင်ရွက်သင့်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်ကို ရသင့်ပါတယ်။ အခုဆိုရင် ဖမ်းဆီးထားတာလည်း ၂ လ ကျော်နေပြီမို့ သူ့ကို အမြန်ဆုံးရုံးတင်ပြီး တရားဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးခံထားရသူ ကိုမြတ်မောင်နှင့် ပတ်သက်ပြီး အခြေအနေမှန်ကို သတင်းထုတ်ပြန်ပေးသင့်ကြောင်းလည်း ၎င်းက တိုက်တွန်းပြောကြားသည်။

အဆိုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး နှင့်စစ်တွေအမှတ် (၁)ရဲစခန်းကို နိရဥ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသဖြင့် အစိုးရ တာဝန်ရှိသူများ၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
 
မနေ့က ရုံးထုတ်ရာတွင် ပါဝင်သူ အိုးထိန်းဆရာတော်နှင့် အုပ်ချုပ်ရေးမှူးတို့ကို စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နောက်လာမည့် ဒီဇင်ဘာလ ၂ဝ ရက်နေ့သို့ ရုံးချိန်းရမန်ပေးလိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ အရပ်သား ၅ဝဝကျော်ရှိသည်ဟု သဇင် ဥပဒေအထောက်အကူပြု အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

-------------------------------------

Unicode:

နိရဉ်စရာ ၊ ဒီဇငျဘာ ၇/၂ဝ၁၉









 

ဆက်စပ် သတင်းများ