သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင် သောင်းဒရားကျေးရွာတွင် နေအိမ်များ မွှေနှောက်ခံရခဲ့ပြီး ပစ္စည်းများ ယူဆောင်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉/ ၂ဝ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ် ကျေးရွာအတွင်း နေအိမ်များ မွှေနှောက်ဖျက်ဆီးခံခဲ့ရကာ ပစ္စည်းအချို့လည်း ယူဆောင်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သောင်းဒရားကျေးရွာသားများသည် ဒီဇင်ဘာ ၁၄ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ ကျေးရွာအတွင်းဝင်ရောက်လာသောကြောင့် ဒေသခံများမှာ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ယနေ့ နံနက် ၇ နာရီခန့်တွင် ကျေးရွာသို့ ရောက်ရှိလာစဉ် ထိုကဲ့သို့ ဖျက်ဆီးမှုများအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သောင်းဒရားကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက “ပဲဆီတစ်ဗူးရယ်၊ ဖယောင်းတိုင်၊ နံ့သာတိုင်တို့ပဲ ကျန်ခဲ့ပါတယ်။ ဖိနပ်တွေကအစ၊ အလှကုန်ပစ္စည်းတွေ အကုန်ယူသွားပါတယ်။ စောင်အသစ်တွေ၊ အဝတ်တွေ တစ်ခုမှ မကျန်ပါဘူး။ ဘီယာတွေ၊ ငါးခြောက်တွေရော အကုန်ပါပဲ ယူသွားကြတာ။ သိန်း ၂ဝ ကျော်ဖိုး ရင်းထားတာ ဘာမှမကျန်ပါဘူး။”ဟု နိရဥ္စရာသို့ ပြောသည်။

ကျေးရွာအတွင်း ကြက်၊ ဝက်၊ ကုန်စုံဆိုင်မှ ပစ္စည်းများ၊ အဝတ်အထည်များအား ယူဆောင်သွားကာ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကိုလည်း မွှေနှောက်ခံခဲ့ကြောင်း သောင်းဒရား ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“အဝတ်အစားအကောင်းတွေ စောင်တွေ ယူသွားကြတယ်။ ကြက်ဆိုရင် တစ်ရွာလုံးက ကြက်ကိုစားသွားကြတယ်။ ဝက်ကတော့ ဘယ်နှစ်ကောင်မှန်းတော့ မသိသေးဘူး။ ကြက်ဥတွေရောမချန်ဘူး။ ဆိုင်ပစ္စည်းတွေလည်း ယူသွားတယ်။ ကျောင်းက ဆရာတော်စာအုပ်တွေကိုလည်း ရွာထဲလမ်းကြားမှာ အကုန်တစ်စစီလုပ်ပစ်ခဲ့ကြပါတယ်။”ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

ယင်းအပြင် ရွာရှိ ဘုန်းကြီးကျောင်းတွင် လက်ပစ်ဗုံးများ၊ ကျည်ကဒ်များ တွေ့ရှိရကြောင်း၊ ကျောင်းရှိ တီဗွီများကိုလည်း ထုရိုက်ဖျက်ဆီးသွားခဲ့ကြောင်း သူက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒီရွာမှာ ရွှေနဒီဖြစ်စဉ်ဖြစ်ပြီးကတည်းက ဒေသခံတွေမရှိဘဲနဲ့ အသက်ကြီး လေးငါးယောက်လောက်ပဲ ရှိခဲ့တယ်။ ကျွန်တော်တို့ အဲဒီရွာကို ဝင်တာလည်း မရှိဘူး။ အဲဒီရွာ ပတ်ချာလည်မှာတော့ နယ်မြေရှင်းလင်းရေး လုပ်တာတော့ ရှိတယ်။ ဘာပစ္စည်းကိုမှလည်း မယူဘူး။ ဘုန်းကြီးကျောင်းမှာ လက်ပစ်ဗုံးတို့ ကျည်ကဒ်တွေဆိုတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ တပ်တွေကို ရွာထဲမှာ မနေစေချင်လို့ တမင်သတင်းထုတ်တဲ့ သဘောပဲဖြစ်မယ်။”ဟု နိရဥ္စရာသို့ပြောသည်။

သောင်းဒရားကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၂၇ဝ ခန့်ရှိပြီး နေအိမ်အားလုံး ယခုကဲ့သို့ မွှေနှောက်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

==========

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၁၉/ ၂ဝ၁၉









ဆက်စပ် သတင်းများ