ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်မြို့နယ်လေးခုတွင် “အင်တာနက်လိုင်းပိတ်ထားတဲ့ဥပဒေက ဘာဥပဒေလဲ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ မေးခွန်းထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4k

စိုးဇံအောင်
နိရဥ္စရာ ၊ ဒီဇင်ဘာ ၂၄ / ၂ဝ၁၉

၆ လအကြာအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသော ရခိုင်ပြည်နယ်မှ မြို့နယ်လေးခုတွင် အင်တာနက်လိုင်း ပိတ်ရန်ထုတ်ပြန်ထားသော “ ဥပဒေက ဘာဥပဒေလဲ” ဟု အသံအဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုမောင်ဆောင်းခက လက်ရှိ အစိုးရကို မေးခွန်းထုတ်လိုက်သည်။

“အဓိကကတော့ ဒီရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အင်တာနက် ပိတ်ဆို့ထားမှုကြောင့် လူတွေ ကြုံနေရတဲ့ ဒုက္ခ တွေရယ်။ နောက်တစ်ခုက အဲဒီအင်တာနက်ကို ဘာ့ကြောင့် ပိတ်ထားရလဲ။ အင်တာနက် ပိတ်ထားလို့ရအောင် ခွင့်ပြုထားတဲ့ ဥပဒေတွေက ဘာတွေလဲပေါ့ ” ဟု ကိုမောင်ဆောင်းခက နိရဥ္စရာသို့ ပြောသည်။

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံတွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ထိုသို့ ကိုမောင်ဆောင်းခက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီ ဥပဒေတွေကို ဘယ်လို ပြင်သင့်လဲပေါ့။ ဒါတွေကို အဓိကထား တောင်းဆိုခဲ့ကြတာပါ။ အဲဒီ အင်တာနက် ဖြတ်တောက်မှုကို ပြန်လည်ရုတ်သိမ်းပေးဖို့ အတွက်ကို လူထုဆန္ဒပြုလက်မှတ်ကောက်တာပေါ့နော်။ ဒီနေ့ဆိုရင် ဆန္ဒပြပွဲမှာ ကောက်တာ လက်မှတ် ၁၅ဝ ကျော်ရတယ်။ အဲဒီမှာ မြို့တော်ခန်းမရှေ့မှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို ကျွန်တော်တို့ ရှင်းပြပြီးတော့ ကောက်တာ။ လမ်းသွားလမ်းလာရင်းနဲ့ ဒီကိစ္စကို သူတို့ ပါဝင် လက်မှတ် ထိုးပေး ခဲ့ကြတာ”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ရဲရင့်စွာ ပါဝင်ခဲ့ကြသည်။

ပါဝင်ခဲ့ကြသူများမှာ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ထင်ရှားကျော်ကြားသည့် မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေတို့ ဖြစ်ကြသည်။

လာရောက် ဝန်းရံခဲ့ရာတွင် ရခိုင်ပြည်နယ် ကိုယ်စားပြုအဖြစ် ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကျောင်းသားများလည်း ပါဝင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တစ်နှစ်တင်းတင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ကို၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခဲ့သည်။

ထိုအထဲမှ ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့မှာ စက်တင်ဘာလ ၁ ရက်နေ့တွင် အင်တာနက်လိုင်း ပြန်လည်ရရှိခဲ့ပြီး မြောက်ဦး၊မင်းပြား၊ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ လက်ရှိ အချိန်ထိ အင်တာနက်လိုင်းဖြတ်တောက်ခြင်းခံထားရကာ အချိန် ၆ လ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အချိန်ကြာမြင့်စွာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် ရခိုင်မြို့နယ် လေးခုကို အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်အောင် အမြန်ဆုံးဆောင်ရွက်ပေးရန် အတွက် လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်အဖွဲ့အစည်း ၁၉ ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်တောင်းဆိုခဲ့ဖူးသည်။
ယနေ့ ဆန္ဒပြပွဲတွင် လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ ဦးရေ ၅ဝ ကျော် ပါဝင်ခဲ့သည်။

--------------------------------

Unicode:



နိရဉ်စရာ ၊ ဒီဇငျဘာ ၂၄ / ၂ဝ၁၉












ဆက်စပ် သတင်းများ