သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်ရေယာဉ်မှပစ်ခတ်၍ ရှင်ပြုပွဲမှ ကိုယ်ရင်လောင်းတို့၏ အဒေါ်ဖြစ်သူသေဆုံး၊ ကိုယ်ရင်လောင်းတစ်ပါးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်အုပ်စု၊ လက်မှတ်ဆိပ် (ဒေသခေါ် လက်မဆိပ်) ကျေးရွာတွင် စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရှင်ပြုပွဲမှ ကိုရင်လောင်းများ၏ အဒေါ်ဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန် ပွဲချင်းပြီးသေဆုံးကာ ကိုရင်လောင်းတစ်ပါး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကျည်ထိ သေဆုံးသွားသူ မအေးမျှစော (၂၇)၏ အစ်မဖြစ်သူ ဒေါ်ဦးမျှဝင်းတွင် သားသုံးဦး ရှင်ပြုမင်္ဂလာ မဏ္ဍပ်ဝင်နေ့ဖြစ်ပြီး မအေးမျှစောမှာ ရှင်လောင်း တစ်ပါး၏ မိခင်အဖြစ် သာသနာ ဒါယိကာမ အဖြစ်ခံယူထားသည်ဟု သိရသည်။

“ သေဆုံးသွားတဲ့ မအေးမျှစော အိမ်ထောင်မရှိ အပျိုဖြစ်ပါတယ်။ အမေက ဆုံးသွားပြီး အဖေဖြစ်တဲ့ ဦးကျော်ငြိမ်းက ရှိပါသေးတယ်။ အစ်မဖြစ်သူမှာ သားတွေကို ရှင်ပြုတော့ မနေ့က မောင်ရှင် တစ်ပါး အတွက် သင်္ကန်းစုံထမ်းခဲ့ပါသေးတယ်။ ညဉ့်အချိန်ရောက်တော့ ဒီလို အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားရတာပါ” ဟု သူမ၏ ဆွေမျိုး တစ်ဦးက ပြောကြားသည်။

ဒဏ်ရာရသူ ကိုယ်ရင်လောင်းမှာ မောင်ဦးကျော်ဝင်း(၂၁)နှစ် ဖြစ်ပြီး ညာဖက်ခြေသလုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ 

ရှင်ပြုပွဲမှ တရားနာနေချိန် မတ်လ ၁၈ ရက် ည ၁၁ နာရီကျော်ခန့်က နေဗီများမှ သေနတ်များ စတင် ပစ်ခတ်ပြီး ကုလားတန်မြစ်အတိုင်း ဆင်းလာသဖြင့် တရားပွဲအား ရပ်ပြီး အလှူမဏ္ဍပ် ရှိသည့် စာသင်ကျောင်း အုတ်နံရံနောက်တွင်ပုန်းခိုနေကြရာမှ ညဉ့် ၁၂ နာရီခွဲခန့်တွင် ၄င်းနေရာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့နှင့် ဆွေမျိုးတော်စပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသာဇံအောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“နေဗီက ပစ်တဲ့ လက်နက်ကြီးကျပြီးသေတာပါ။ နေဗီသင်္ဘောကနေ တရစပ် ပစ်တာပါ။ တရားနာနေရင်းတန်းလန်းနဲ့ပြေး ပြီး စာသင်ကျောင်း အုတ်နံရံကိုကာပြီး ပုန်းနေကြတာ။ အဲဒီမှာထိတာ။ အေးမျှစော သေတယ်။  ညတွင်းချင်း သင်္ဂြိုလ်လိုက်ရတယ်။ ပစ်တာက ရေတွက်လို့ မရအောင်ပစ်တာ။ အလှူနဲ့ မို့လို့ အသုဘအရင်လုပ်လိုက်ရတာ။ ရွာကိုဖြိုပစ်တာ။ နွား ၃ ကောင် သေတယ်။ ၉ ကောင်ဒဏ်ရာရတယ်။ နေအိမ်တစ်လုံးမီးလောင်ပြကျသွားတယ်။ အလှူလုပ်နေတဲ့အချိန်အခုလိုဖြစ်တာ စိတ်မကောင်းဖြစ်မိတယ်။ အေးမျှစောက ဦးလေးရဲ့ ခယ်မတော်တယ်” ဟု ဦးသာဇံအောင်က ပြောသည်။

ဒေါ်စောခိုင်ဦး၏မိခင်ဖြစ်သူနေအိမ်မှာ (သံဖြူမိုး၊ ပျဉ်ထောင်အိမ်)မှာ မီးလောင်သွားခဲ့ပြီး  ဦးမောင်လှဝင်း၊ ဒေါ်စိန်မနု၊ ဦးထွန်းလှစိန်တို့ ပိုင်နွားများမှာလည်း လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း ၄င်းဦးသာဇံအောင်ကပြောသည်။

ကျေးရွာသားတစ်ဦးက “ နေဗီက သေနတ်တွေ ပစ်တော့ လူတွေ အကုန်လုံး လုံခြုံမယ့် နေရာမှာ ဝင်ပုန်းကြတယ်။ မအေးမျှစောကလည်း ကျောင်းအနီး လမ်းမြောင်းမှာ သွားပုန်းတယ်။ အဲဒီအချိန်မှာ လာထိတာပါ။ ဘက်ဖက်လက်မောင်းအောက်က ဖောက်ဝင်သွားပါတယ်။ ပွဲချင်းပီး ဆုံးပါတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ပစ်တာ။ သူတို့ပစ်တဲ့ ဒလက်ပါတဲ့ ကျည်အပိုင်းအစ ၁၆ ခု လောက်ရပါတယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ နေဗီက ပစ်ခတ်တာ။ ရမ်းသန်းပစ်ခတ်တာ။ ရွာသားတွေက ကျွန်တော်ဆီကို အကြောင်းကြားတယ်။ ဘာမှ တိုက်ပွဲ ဖြစ်တာမရှိဘူး။ ဒီလိုဘဲ ပစ်သွားတာဘဲ။ လွှတ်တော်အပိုင်းက ဘာမှ မလုပ်နိုင်ဘူး။ ပြည်နယ် အစိုးရကို တိုက်တွန်းတယ်။ ဒီလောက်ပဲ လုပ်နိုင်တယ်။ လွှတ်တော်ကနေ ဆုံးဖြတ်ပြီး ပြည်နယ် အစိုးရကို တိုက်တွန်းတာတွေရှိတယ်။ ရခိုင်ပြည်နယ် အစိုးရက ဘာတစ်ခုမှ မလုပ်ဘူး။ လွှတ်တော်က တိုက်တွန်းတာကို ပြည်နယ် အစိုးရက ဗဟို အစိုးရကို တင်ပြရမယ်။ အခု ဘာမှ မလုပ်တဲ့ အတွက် ဗဟိုအစိုးရက ဘာမှ မသိသလိုနေတယ်။ ဒီတော့ ခုလို ပြည်သူတွေ နစ်နာနေရတာပေါ့” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ သေတဲ့မိန်းကလေးက သူ့အစ်မ ရှင်ပြုပွဲ အလှူရှိလို့ ထိုင်းကမနေ့တနေ့ကမှ ရောက်တာလို့သိရတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မြစ်ထဲကနေ နေဗီကပစ်တာ။ ကျည်မိုးရွာပစ်ခဲ့တာ။ မြစ်ကမ်းတလျှောက်မှာ ခဏခဏ ပစ်နေကျ မဟုတ်လား။ လက်နက်ကိုင် အာဏာပိုင်တွေဟာ ပြည်သူလူထုကို ကာကွယ်ပေးရမယ့် တာဝန်ရှိတယ်။ တည်ဆဲဥပဒေလည်းပြဋ္ဌာန်းထားတယ်။ ရမ်းသမ်းပစ်ခတ်ခွင့်မရှိဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား နိရဥ္စရာသတင်းဌာနမှ  ဖုန်းဆက်မေးမြန်းရာ အဆိုပါ ကိစ္စကို သူမသိသေးဟု ပြန်လည် ဖြေကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

--------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၁၉/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ