သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ မောင်တောမြို့မှ ဒေသခံသုံးဦးအနက် ပညာရေးဝန်ထမ်းမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်၍ စိုးရိမ်နေရဟု မိသားစုများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

နိရဥ္စရာ၊ မေ ၁၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ မတ်လ ၃၁ ရက်နေ့က ဖမ်းဆီးခံရပြီး မေလ ၁၁ ရက်နေ့က ရုံးထုတ်ပြီး အကြမ်းဖက်မှုဖြင့် တရားစွဲခံရသူ ဒေသခံ သုံးဦးထဲမှ ကျောင်းဆရာ တစ်ဦးမှာ စိတ်မူမှန်သူ မဟုတ်သဖြင့် မိသားစုများက အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

၎င်းကျောင်းဆရာမှာ မောင်တောမြို့၊ အထက(၂)ကျောင်းမှ မူလတန်းပြဆရာ ဦးကျော်လင်းထွန်း (၃၅) နှစ်ဖြစ်သည်။

ဆရာဦးကျော်လင်းထွန်း၏ အစ်မဖြစ်သူ ဒေါ်ခင်နှင်းဝေက “ သူ့ကို မတ်လ ၃၁ ရက်နေ့က မေးစရာရှိလို့ ဆိုပြီး လာခေါ်သွားကြတာပါ။ သူက ဆိုင်ကယ် လေးငါးခါလောက် မှောက်ဖူးတော့ တစ်ကိုယ်လုံး ဒဏ်ရာတွေ ရှိတာပါ။ အဲဒါကို ဒဏ်ရာတွေရှိလို့ သံသယရှိတယ်ဆိုပြီး ဧပြီလ ၂ ရက်နေ့က ချုပ်ရမန် ယူပါတယ်။ ပြီးတော့ မေလ ၁၁ ရက်နေ့မှာ အကြမ်းဖက်မှု ပုဒ်မနဲ့ ရုံးထုတ်ပါတယ်။ သူက စိတ်ထိခိုက် မခံနိုင်တဲ့သူပါ။ ရုံးထုတ်တဲ့နေ့က မျက်နှာတွေ ဖြူဖတ်ဖြူရော်နဲ့ စကားတွေအမျိုးမျိုးပြောပါတယ်” ဟုပြောသည်။

ဦးကျော်လင်းထွန်းသည် ၂ဝ၁၃ ခုနစ်တွင် ဆိုင်ကယ်မှောက်၍ ဦးခေါင်းနှင့် ကိုယ်ခန္ဓာတွင် အကြီးအကျယ် ဒဏ်ရာများဖြင့် သတိမေ့မြော့ကာ မောင်တောမြို့ ခရိုင်ဆေးရုံက လက်မခံသဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရပြီးအခြေအနေမကောင်းသဖြင့် ရန်ကုန်သို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ရကြောင်း၊ ယင်းနောက်ပိုင်းတွင် စိတ်ဖိစီးမှု၊ ဖိအားပေးမှု မခံနိုင်သူဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်နှင်းအေးစံက “သူကဒီတိုင်းဆိုရင်ပုံမှန်ပါ။ စိတ်ထိခိုက်စရာတစ်ခုခုပေါ်လာရင် ရောဂါ အခြေနေဆိုးလာပါတယ်။ စိတ်ထိခိုက်မခံနိုင်ပါဘူး။ ဘာအပြစ်မှလုပ်ထားတာလည်းမရှိပါဘူး။ အခု သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးထောက်ခံချက်ယူဖို့လုပ်နေပါတယ်။”ဟု ပြောသည်။

မောင်တောမြို့နယ် အထက အမှတ်(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမေသန်း က ဆရာဦးကျော်လင်းထွန်းသည် အမှုနှင့် သက်ဆိုင်သူဟုတ်မဟုတ်မသိသော်လည်း တာဝန်ချိန်တွင် ပုံမှန်ကျောင်းတက်ပြီး ပုံမှန်အလုပ်လုပ်သူဖြစ်ကြောင်းပြောသည်။

“သူ့အမှုအကြောင်းတော့ ကျွန်မလည်းမသိဘူး။ သူက ကျောင်းတက်နေချိန်မှာတော့ ပုံမှန် အလုပ် လုပ်တယ်။ ကျောင်းတက်တယ်။ ကျောင်းပိတ်မှ အခုလိုဖမ်းဆီးခံရတာကိုကြားရတာ”ဟု ၄င်းက ပြောသည်။

ဆရာဦးကျော်လင်းထွန်း နေထိုင်ရာ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းကလည်း အဆိုပါကျောင်းဆရာသည် ရိုးရိုးသားသားနေသူဖြစ်ပြီး ဆိုင်ကယ်မှောက်၍ ဆေးရုံမှဆင်းပြီးနောက် စိတ်ပုံမှန် မဟုတ်သူဖြစ်သည်ဟု ဆိုသည်။

ဆရာဦးကျော်လင်းထွန်းနှင့်အတူ မောင်တောမြို့နယ် ငွေတောင်ကျေးရွာတာဝန်ခံ ဦးအောင်လှသိန်းနှင့် အမှတ်(၃)ရပ်ကွက်မှ ကိုညီညီနိုင်တို့ကိုလည်း အတူ အဖမ်းခံထားရပြီး သူတို့ သုံးဦးစလုံးကို မေလ ၁၁ ရက်နေ့က မောင်တောခရိုင်တရားရုံးတွင် ရုံးထုတ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ (စျ) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အမည်မဖော်လိုသူ တစ်ဦးက ကိုညီညီနိုင်အား ဖမ်းဆီးပြီးနောက် သူဖုန်းထဲမှ ဆက်စပ်သူများကို လိုက်လံ ဖမ်းဆီးရာမှ ဆရာဦးကျော်လင်းထွန်းနှင့်အတူ မောင်တောမြို့နယ် ငွေတောင်ကျေးရွာတာဝန်ခံ ဦးအောင်လှသိန်းတို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် ၄င်းတို့အား ပြင်ဖြူနယ်မြေခံရဲစခန်းတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များမှ သိရသည်။

(Photo by BBC)

--------------------

Unicode:


နိရဉ်စရာ၊ မေ ၁၃/၂ဝ၂ဝ














(Photo by BBC)

ဆက်စပ် သတင်းများ