ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဖမ်းဆီးခံရပြီးနောက်ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦးနှင့်ပတ်သက်ပြီး မိသားစုဝင်များက စစ်တွေတွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမသစ်ကျေးရွာတို့မှ တပ်မတော် စစ်ကြောင်းတစ်ခုက ဝင်ရောက် ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူ ကျေးရွာသား ၁၈ ဦးနှင့် ပတ်သက်ပြီး မိသားစုများက စစ်တွေမြို့တွင် ယနေ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

၎င်းသတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့ နံနက် ၁၁ နာရီကျော် က စစ်တွေမြို့၊ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ရုံးတွင် ပြုလုပ်ခဲ့ပြီး မိဖများနှင့် ဆွေမျိုးတော်စပ်သူ ၁ဝ ဦးခန့် တက်ရောက် ရှင်းလင်းခဲ့သည်။

တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံထားရသူ မောင်ထွန်းထွန်းဝေ (၁၄) နှစ်၏ မိခင် ဒေါ် အေးရီက “ ဒီလ ၃လပိုင်း ၁၆ ရက်နေ့က တပ်မတော်သားတွေက ရွာထဲကိုသေနတ်ပစ်ပြီး ဝင်လာတယ်။ ကျမတို့အိမ်သားတွေက ထမင်းစားပြီးလို့ အိမ်အောက်မှာ ထိုင်နေတယ်။ စစ်သားသုံးယောက်က ကျမတို့အိမ်ထဲကိုဝင်လာပြီး ကျမ သားလေးကို ခင်ဗျားထွက်ပြေးတာ မဟုတ်ဘူးလားဆိုပြီးတော့ ပြောတယ်။ သူ့အဖွားက အဲဒါ ကျမမြေး ဆိုပြီးတော့ ပြောတယ်။ အဲဒီချိန် စစ်သားတစ်ယောက်က မျက်နှာကို သေနတ်နှင့် ချိန်းထားတော့ သူ့ အဖွားလည်း မပြောရဲတော့ဘူး။ နောက်ပြီး ကျမအိမ်နားက တစ်ယောက်ကိုလည်း ဖမ်းတယ်။ ဖမ်းပြီးတော့ သူ့ကို သေနတ်ပေါင်တွေနဲ့ ရိုက်တယ်။ ကျမသားလေးကလည်း ကျမကို ပြန်ကြည့် ပြန်ကြည့်နဲ့ ကျမတို့ ရွာရှေ့က တောင်ရှည်တောင်ကို ခေါ်သွားတယ်။ အဲဒီကတည်းက ကျွန်မသား ပျောက်နေပါတယ်” ဟု ပြောသည်။

မောင်ထွန်းထွန်းဝေမှာ အဋ္ဌမတန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး အသက် (၁၄) နှစ်သာ ရှိသေးသည်ဟု မိခင် ဒေါ် အေးရီက  ပြောဆိုသည်။ 

ဖမ်းဆီခံထားရသူများမှာ တင်မကြီးကျေးရွာမှ ၁ဝ ဦးနှင့်၊ တင်းမသစ်ကျေးရွာမှ ၈ ဦး စုစုပေါင်း (၁၈) ဦးဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ 

တင်းမသစ်ကျေးရွာမှ ရွာသား ၈ ဦးကို မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၎င်းတို့မှာ  ဦးမောင်စိတ်ကြီး (၇၅) နှစ်၊ ဦးစိုးရွှေသန်း (၅ဝ) နှစ်၊ ဦးမောင်ထွန်းစိန် (၆၅) နှစ်၊ ဦးလှကျော်ကြီး (၇ဝ) နှစ်၊ ဦးစံသာမောင် (၅ဝ) နှစ်၊ ဦးကျော်ဝန်းမောင် (၃၄) နှစ်၊ ဦးမောင်မြင့်အေး (၄၆) နှစ် နှင့် ဦးမောင်သန်းစိုး (၃၇) နှစ်တို့ ဖြစ်ကြောင်း မိသားစုများက ရှင်းပြပြောဆိုသည်။ 

တင်းမကြီးကျေးရွာမှ ရွာသား ၁ဝ ဦးကို မတ်လ ၁၆ ရက်နေ့က ခေါ်ဆောင်ခံရပြီး ၎င်းတို့မှာ ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်ဝင်းစိန် (၅ဝ) နှစ်၊ မောင်ထွန်းထွန်းဝေ (၁၄) နှစ်၊ မောင်နေလင်းဦး (၂၆) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးယိုင်မောင် (၃၆) နှစ်၊ ဦးထွန်းဝင်းအောင် (၆၄) နှစ်၊ ဦးအောင်ညွှန့် (၆၅) နှစ်တို့ဖြစ်ကြသည်ဟု အမည်များကို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။  

ဖမ်းဆီးခံထားရသူများတွင် ကျောင်းသားတစ်ဦးနှင့် ဆွံ့အ၊ နားမကြားသူတစ်ဦးလည်း ပါဝင်ကြောင်း မိသားစုဝင်များက မီဒီယာများသို့ ပြောကြားခဲ့သည်။

တင်းမကြီးကျေးရွာမှ မောင်နေလင်းဦး (၂၆) နှစ်၏ မိခင် ဒေါ်သန်းရီက “ ကျမသားက စကားမပြောတတ်ဘူး။ နားမကြားဆိုပြီးတော့ စစ်သားတွေကို ကျမ ဦးလေးက ပြောပြပါတယ်။ သူ့တို့လာတော့ ကျမသားက ကြောက်ပြီး စာကြည့်တိုက်မှာ ပုန်းနေတယ်။ ကျမကလည်း ကျမသားစာကြည့်တိုက်မှာ ပုန်းနေတာကို မသိဘူး။ ကျမရဲ့ ဦးလေးကလည်း ဒါကျနော်မြေး နားမကြား၊ စကားမပြောတတ်ဘူး ဆိုပြီးတော့ပြောတယ်။ ဒါပေမယ့် မရဘူး သူတို့ ခေါ်သွားတယ်။ ကျမတို့သားတွေကို ဖမ်းသွားပြီး နောက်ရက်တွေမှာ ကျမတို့က ရွာထွက်ဝနားကနေ သွားကြည့်တော့ ကျမတို့သားတွေကို မြေကြီးတွေ ပြောင်းတဲ့ အလုပ်လုပ်ဖို့ ခိုင်းထား တာတွေကို တွေ့ရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ မိသားစုဝင်များက သူ့တို့ရဲ့သားသမီးတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို ချင်ပါသည်ဟု တင်းမကြီးကျေးရွာမှ မောင်နေလင်းဦး (၂၆) နှစ်၏ မိခင်က မီဒီယာများကို ပြောကြားခဲ့သည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက ရခိုင်တွင်လူအခွင့်အရေး ချိုးဖောက်မှုများ အပေါ် မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင် အနေဖြင့် ထိထိရောက်  အရေးယူ ဆောင်ရွက်ပေးခြင်း  မရှိသလောက်နည်းပါသည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါ အဖမ်းအဆီးနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။ 

ဇွန်လ ၆ ရက်နေ့က ဧရာဝတီသတင်းဌာနမှ တင်းမရွာသားများ ဖမ်းဆီးခံထားရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခဲ့ရာ မတ်လ ၁၃ ရက် နှင့် ၁၆ ရက်ဝန်းကျင်က ရွာသားများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ မရှိခဲ့ကြောင်း ဧရာဝတီသို့ ပြန်လည် ပြောကြားခဲ့သည်ဟု ဖော်ပြသည်။ 

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီလိုမျိုးတော့ မကြားမိဘူး။ ကျနော်တို့ဆီက ဖမ်းဆီးမှုတွေ ဘာတွေ ရှိရင်လည်း သတင်းထုတ်ပြန်ပေးတာရှိတယ်။ ဖမ်းဆီးတယ် ရှိတယ် ဆိုရင်တော့ သတင်း မထုတ်ပြန်စရာ အကြောင်း မရှိဘူး။ အဲဒီနေ့ ဝန်းကျင်က တင်းမရွာရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူဆီ က အလောင်း လက်နက် တော်တော်များများ ရလိုက်တာရှိတယ်။ အဲဒီတခုပဲရှိတယ်” ဟု ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်။

 ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ဧရာဝတီ၊ ဘီဘီစီ၊ အာရ်အက်ဖေ၊ VOM၊ Narinjara၊ DMG မှ သတင်းသမားများ တက်ရောက် သတင်းယူခဲ့ကြသည်။ 


ဆက်စပ် သတင်းများ