ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရွာသား ၅ ဦး နာရေးသို့သွားစဉ် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ရွာသား ၅ ဦး ဇွန်လ ၂၇ ရက် နံနက် ၈ နာရီခန့်က ပုဏ္ဏားကျွန်းမြို့မှ နာရေးတစ်ခုသို့ သွားစဉ် ဖမ်းဆီးခြင်းခံထားရကြောင်း မိသားစုများက ပြောသည်။

၄င်း ၅ ဦးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ မောင်ဘိုကျော်သန်း (၂၃)နှစ်၊ မောင်သန်းဝင်းနိုင် (၂၄) နှစ်၊ မောင်ထွန်းအေးမောင် (၂၆) နှစ်၊ မောင်မြင့်ဇော်ဦး (၂၃) နှစ်နှင့် ကိုအောင်အောင် (၃၂) နှစ်တို့ဖြစ်ကြသည်။  

ကိုအောင်အောင်၏ ဖခင်တော်စပ်သူ ဦးဦးသိန်းထွန်းက “၅၃၉ တပ်ရင်းက ခေါ်စစ်ဆေးနေတယ်။ ပုဏ္ဏားကျွန်းမြို့က နာရေးတစ်ခုကို သွားစဉ် လမ်းမှာဖမ်းဆီးခြင်းခံရပါတယ်။ အဲဒီ ၅၃၉ တပ်ရင်းကို မနေ့က ကျွန်တော်တို့ သွားရောက်ပြီး လူကြီးတွေနဲ့ တွေ့ခွင့်တောင်းတော့ တွေ့ခွင့် မရခဲ့ဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅ ဦး၏ မိသားစုဝင်များနှင့် ရပ်မိရပ်ဖများအထဲမှ  မောင်ဘိုကျော်သန်း၏ ဖခင်ဖြစ်သူ ဦးစိန်ကျော်သန်းအား အဆိုပါ ၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများက နာရီခွဲခန့်ကြာ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးလိုက်ကြောင်းလည်း ဦးဦးသိန်းထွန်းက ပြောသည်။

အပေါက်ဝကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကလည်း “သူတို့က ပုဏ္ဏားကျွန်းက သူတို့ရဲ့ သူငယ်ချင်း နာရေးကို သွားကြည့်တာ။ မှန်လုံကားလေးနဲ့ သွားကြတာ။ အဲဒီကိုသွားရင် ၅၃၉ တပ်ရင်းက ဖြတ်သွားရတာ။ အဲဒီမှာ အဖမ်းခံရတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အဆိုပါ ၅၃၉ တပ်ရင်းမှာ အပေါက်ဝကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ တည်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဆက်စပ် သတင်းများ