သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ အသတ်ခံခဲ့ရသူ ဦးထွန်းမောင်စိန်၏ အလောင်းကို အိမ်သာကျင်းထဲမှ ပြန်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင်၃၁/၂ဝ၂ဝ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှ အသတ်ခံခဲ့ရသည့် စျေးဆိုင်ရောင်းသူ  ဦးထွန်းမောင်စိန် (၆၁) နှစ်၏ အလောင်းကို (၁၈) ရက်အကြာ ယနေ့နံနက် ၆ နာရီခန့်က သူ၏ နေအိမ်မှ အိမ်သာကျင်းထဲတွင် ပြန်တွေ့ ခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသူ ဦးထွန်းမောင်စိန်မှာ ဇူလိုင်လ ၁၃ ရက်နေ့ကချိန်ခါလီကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွား ပြီးနောက် ဆိုင်ထဲတွင် ပုန်းအောင်းနေရာမှ ခေါ်ယူ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရက်ပိုင်းတွင် ရွာသို့ ရွာသားတချို့နေရပ်ပြန်လာချိန်တွင် ယနေ့ နံနက်က အနံ့ ထွက်သဖြင့် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦထွန်းမောင်စိန်၏ သမက်ဖြစ်သူ မောင်ဘုယေက ပြောသည်။

 “ကျွန်တော့ မိန်းမရဲ့အဖေပါ။ စစ်သားတွေ ပစ်သတ်လိုက်တာပါ။ ဆိုင်ထဲတွင် ပုန်းအောင်း နေရာကနေ ဆွဲထုတ်ပြီး ကျွန်တော်ယောက္ခဖြစ်သူ သူ့မိန်းမရဲ့ ရှေ့မှာပဲ သတ်ပစ်တာ။ မိသားစုတွေ ရွာကထွက်ပြေးတော့ အလောင်း ကျန်ခဲ့တယ်။ နောက်ပိုင်း အလောင်းကို လာရှာခဲ့ကြပေမယ့် လုံးဝမတွေ့ခဲ့ဘူး။ အခု အနံ့ထွက်မှ တာပေါ်လိပ်နဲ့ ဖုံးထားတဲ့ နောက်ဖေး အိမ်သာကျင်းထဲမှာ သူ့အလောင်းကိုတွေ့တာပါ။ သင်္ဂြိုလ်ဖို့တွက် အလောင်း ဆယ်ဖို့ လုပ်နေပါတယ်။ သက်ဆိုင်ရာတွေကိုလည်း အကြောင်း ကြားထားပါတယ်။ သူတို့ ခွင့်ပြုမှ သင်္ဂြိုလ်လို့ရမှာဆိုတော့ပါ။ အလောင်းက ကြည့်ဖို့ မသင့်တော်တော့ဘူး။ စိတ်မကောင်း ဖြစ်တာပေါ့ဗျာ” ဟု သမက်ဖြစ်သူ မောင်ဘုယေက ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အလောင်း ပြန်တွေ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

ဒေါ်ခင်စောဝေက “အလောင်းတွေ့တယ်လို့မိသားစုဆီကဆက်သွယ်လာကြတယ်။ သူတို့အိမ်ရဲ့ အိမ်သာကျင်းထဲမှာ တွေ့တာ။ အလောင်းကို ပြန်ဆည်ဖို့လုပ်နေကြတယ် လို့ပြောတယ်။ အပြစ်ရှိရင်လည်း ဥပဒေဘောင်အတွင်းက ဆောင်ရွက်သင့်တယ်။ ခုလိုမျိုးလုပ်တာကတော့ မသင့်တော်ပါဘူး” ဟုပြောသည်။

ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း ပြောသည်။

ဦးခင်မောင်လတ်က “ ဦးထွန်းမောင်စိန်ရဲ့ သမီးနဲ့ သမက်ဖြစ်သူနဲ့ အဆက်အသွယ်ရတယ်။ သင်္ဂြိုလ်ဖို့ အခက်အခဲရှိနေကြတယ်။ အလောင်းကလည်း အနံ့တအားထွက်နေပြီ။ ရဲတွေကို အကြောင်းကြားထားတယ်လို့ ပြောတယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်သိန်း အားမေးမြန်းရာ ၄င်း၏ ကိုယ်ရေးအရာရှိက အလောင်းတွေ့သည်မှာ မှန်ကန်ကြောင်း ၊ မည်သူသတ်သည်ကို အသေးစိတ်မသိရသေးကြောင်း၊ မိသားစုမှ ရဲတပ်ဖွဲ့အား ဆက်သွယ်ထားသည်ကို သိရှိရကြောင်း အတည်ပြုကြောင်းပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီမှ တပ်မတော်စစ်ကြောင်းမှ ၎င်းကျေးရွာအတွင်းသို့ ဝင်ပစ်စရာအကြောင်းမရှိကြောင်း၊ ချိန်ခါလီကျေးရွာတွင် အရပ်သား သေဆုံးမှုလည်း မရှိကြောင်း ပြောကြားခဲ့သည်ဟု တွင် DVB သတင်းတွင် ဖော်ပြထားသည်။ 

ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် AA တို့ အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋ္ဋိပက္ခအတွင်း အရပ်သား သေဆုံးမှု ၂၅ဝ ကျော်အထိရှိလာကြောင်း ရခိုင်ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ စာရင်းအရသိရသည်။


ဆက်စပ် သတင်းများ