သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ ဒေသခံ ၅ ဦး တစ်ရက်ကြာဖမ်းဆီးခံရပြီး ပြန်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၁၅ / ၂ဝ၂ဝ

တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားသည့် ကျောက်တော်မြို့နယ်မှ ဒေသခံ ၅ ဦးကို တစ်ရက်ကြာပြီးမှ ပြန်လွှတ်ပေးလိုက်သည်ဟု ကာယကံရှင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာမှ ဦးလှလှမောင် ၅ဝ နှစ်၊ ဦးမောင်အေးကျော် (၄၂) နှစ်၊ ဦးသိန်းအောင်ကျော် (၃၇) နှစ်၊ ဦးအောင်ခင်လှ (၃ဝ) နှစ်နှင့် သိန်းတန်ကျေးရွာမှ အသက် (၃ဝ) အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူ ဦးအောင်ခင်လှက “ ကျနော်တို့ကို သူတို့က စစ်ဆေးတယ်။ ကျနော်တို့ စကား ပြန်ပြောရင်လည်း ရိုက်တယ်။ စကားမပြောဘဲ နေရင်လည်း ရိုက်တယ်။ ထုံးစံအတိုင်းရိုက်တာ၊ ကန်တာတွေတော့ ရှိပါတယ်။ ကျနော်တို့ကို မိန်းမတွေ ခေါ်လာလို့ ပြန်လွှတ်ပေးချိန်မှာတော့ သူတို့က ကျနော်တို့ကို ခင်ဗျားတို့ကို ငါတို့ ရိုက်တာတွေရှိလာလို့မေးတယ်။ ကျနော်တို့လည်း ကြောက်လန့်ပြီး မရှိဘူးလို့ ပြောခဲ့တယ်”ဟု ပြောသည်။

၎င်းတို့ ၅ ဦးအား ယမန်နေ့ မနက် ၁ဝ နာရီခန့်က ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော တပ်မတော် စစ်သား ၁ဝဝခန့်က ရွှေတလဲကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ နံနက် ၈ နာရီခန့်က ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။

ဦးလှလှမောင်၏ ဇနီးဖြစ်သူက “ သူတို့ကို နှိပ်စက်တာတွေရှိလား၊ မရှိဘူးလားဆိုတာကိုလည်း ကျမတို့ မသိဘူး။ ဒဏ်ရာဒဏ်ချက်တွေကိုလည်း မတွေ့ရှိရဘူး။ ဒီနေ့မနက်က ကျမတို့ သားမယားတွေ၊ မိဘတွေ သွားခေါ်တဲ့အချိန်မှာ တပ်မတော်သားတွေက ကျမတို့လက်ထဲကို ပြန်လည် အပ်ပေးလိုက်ပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က သူတို့ ၅ ဦးလွှတ်မြောက်လာခြင်းမှာ ဟုတ်မှန်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။


ဆက်စပ် သတင်းများ