သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်မှ ရိုက်နှက်ခံခဲ့ရသည့်ပညာရေးကောလိပ်ကျောင်းသားအား တပ်မတော်အရာရှိအချို့မှ ကျေအေးပေးရန် နေအိမ်သို့ လာရောက်ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၃ဝ/၂ဝ၂ဝ

အမ်းမြို့နယ်မှ တပ်မတော်သား အချို့၏ ရိုက်နှက်ခံရသူ ပညာရေးကောလိပ် (ဒုတိယနှစ်) ကျောင်းသားအား တပ်မတော်အရာရှိအချို့ ကျေအေးပေးရန် နေအိမ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီခန့်က လာရောက် ပြောဆိုခဲ့ကြောင်း ရိုက်နှက်ခံခဲ့ရသူ ကာယကံရှင် လူငယ်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရိုက်နှက်ခံခဲ့ရသည့် လူငယ်မှာ အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာမှ ဦးညီစိန်နှင့် ဒေါ်ပုတိုတို့၏ သား မောင်ညီညီစိုး (၁၈) နှစ်ဖြစ်ပြီး ကျောက်ဖြူ ပညာရေးကောလိပ်တွင် ဒုတိယနှစ် ကျောင်းသား အဖြစ် တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။

၎င်းသည် သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ၇၅၇ တပ်ရင်း အနီး၌ စစ်သားအချို့၏ ဖမ်းဆီးရိုက်နှက်ခံခဲ့ရသဖြင့် မောင်ညီညီစိုးမှာ ဦးခေါင်းနှင့် မျက်စိအောက်တို့တွင် ရောင်ရမ်း၊ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟု မောင်ညီညီစိုးက ပြောသည်။

“ကျွန်တော်က အိမ်ကလူတွေနဲ့ စကားများပြီး စိတ်ပြေလက်ပျောက်ဆိုပြီး ထွက်သွားတာ။ အဲဒီ ၇၅၇ တပ်ရင်းနားက ဗံဒါပင်အောက်မှာ ထိုင်နေတာ။ အဲဒီမှာ စစ်သား တပ်သားအဆင့်ပေါ့။ သုံးယောက်ထွက်လာပြီး ကျွန်တော့်ကို ဒီနားမှာဘာလုပ်နေတာလဲ၊ ဘယ်သူ့သားလဲ၊ ခေတ်ကာလမကောင်းဘူး၊ ဒီနားမှာ မနေနဲ့ ပြောတယ်။ ကျွန်တော်လည်း သူတို့မေးတာဖြေပြီးလို့ ပြန်တော့မယ်လုပ်တော့ ကျွန်တော့်လက်ကို လိုက်ဆွဲတယ်။ ပြီးတော့ မျက်နှာတွေကို ရိုက်တယ်။ သူတို့ ၃ ယောက်က အရက်တွေမူးနေတယ်။ ကျွန်တော့်ကို အေအေကလားဆိုပြီးတော့လည်းမေးတယ်။ အဲဒီတပ်ထဲမှာ ကျွန်တော်တို့ရွာက စစ်သားလုပ်နေတဲ့ သူတွေလည်း ရှိတယ်။ သူတို့ကိုမေးကြည့်ပါပြောတယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ သူတို့ ခြေထောက်တွေနဲ့ ဆင့်ကန်တယ်။ လက်သီးတွေနဲ့ ထိုးပါတယ်။ ရိုက်ပြီးတော့ ကျွန်တော့်ကို ပြန်လွှတ်လိုက်တော့ ကျွန်တော်အိမ်ကို တန်းပြေးလာခဲ့ရတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ထိုသို့ ရိုက်နှက်ခံရပြီး နောက်တစ်ရက်အကြာ ယမန်နေ့ နေ့လယ် ၂ နာရီခန့် အဆိုပါ ၇၅၇ တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် တပ်ရင်းမှုးတစ်ဦးအပါအဝင် လေးဦးတို့မှာ မောင်ညီညီစိုး၏ နေအိမ်သို့ ရောက်ရှိလာကာ ငွေ သုံးသိန်းပေးကာ ယင်းကိစ္စအား ကျေအေးလိုကြောင်းပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော် အရိုက်ခံရတာကို မီဒီယာတချို့က တင်ထားတာကို သူတို့ကတွေ့တယ်ပေါ့။ အဲဒီ မီဒီယာတွေ အောက်ရဲ့ ပိုစ့်တွေအောက်မှာ ကျွန်တော့်ကို ကောမန့်ရေးခိုင်းတယ်။ ဒီကိစ္စက ကျေအေးလိုက်ပြီ ဆိုပြီးတော့ပေါ့။ ဒါဟာ မတော်တဆမှုဆိုပြီးတော့ပေါ့။ နောက်ပြီး သူတို့ ဖေ့စ်ဘုတ်အကောင့်ကို ကျွန်တော့်ကို အပ်ခိုင်းတယ်။ ပြီးရင် အဲဒီ သူတို့အကောင့်နဲ့ Tag တွဲတင်ပြီး ဒီကိစ္စဟာပြီးသွားပြီ ကျေအေးလိုက်ပြီပေါ့ အဲဒါကို ပိုစ့်တင်ခိုင်းတယ်။ ကျွန်တော်လည်း တင်လိုက်ပါတယ်။ မီဒီယာတွေရဲ့ ပိုစ့်တွေအောက်မှာလည်း ကျွန်တော် ကောမန့်ပေးလိုက်ပါတယ်။ ငွေသုံးသိန်း ဆေးဖိုးဆိုပြီးတော့ ပေးပြီး ကျွန်တော့်ကို ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းတယ်။ မထိုးလိုက်ပါဘူး” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဗိုလ်တစ်ဦးနှင့် တပ်ရင်းမှူးတစ်ဦး အပါအဝင် လေးဦးတို့မှာ ထိုကိစ္စအား ကျေအေးပြီဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းသော်လည်း ရိုက်နှက်ခံရသူ ကာယကံရှင်က မကျေအေးပေးလိုက်ကြောင်း၊ လက်မှတ် ထိုးခိုင်းချိန် ကာယကံရှင်က မထိုးလို၍ ၄င်းတို့ လေးဦးမှာ နေအိမ်မှ ထွက်ခွာသွားကြကြောင်း၊ ၄င်းတို့ ထွက်သွားပြီးနောက် အဆိုပါ အရာရှိတပ်မတော်သားနှင့်  Tag တွဲကာ တင်ခဲ့သည့် ပိုစ့်များနှင့် မီဒီယာအချို့အောက်မှ သူမှတ်ချက်ပြုခဲ့သည့် ကောမန့်များအား ပြန်ဖျက်ခဲ့ကြောင်း မောင်ညီညီစိုးက ပြောသည်။

“ဒီလိုသာ ရိုက်နှက်ပြီး ကျေအေးပေးလိုက်လို့ရမယ်ဆိုရင် ကျွန်တော်လည်း လူတွေကို ရိုက်နှက်ပြီး ငွေပေးပြီး ကျေအေးပေးလိုက်မှာပေါ့။ အခုလည်း မတရားတဲ့အတွက် တရားမျှတမှုမရှိတဲ့အတွက် ဒီလောက်နဲ့ ကျွန်တော်က မကျေအေးပေးနိုင်ဘူး။ ကျွန်တော့်ကို အဲဒီ စစ်သားသုံးယောက် ရိုက်တုန်းက ဒီနေရာမှာ အစဖျောက်လိုက်လို့ရတယ်လို့လည်း ပြောခဲ့သေးတယ်” ဟု ဆက်ပြောသည်။

အပြစ်မရှိဘဲ ထိုကဲ့သို့ ရိုက်နှက်ခံခဲ့ရမှုအား မကျေနပ်ကြောင်း၍ သက်ဆိုင်ရာများသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၂၈ ရက်နေ့က သူရိုက်နှက်ခံရပြီးနောက် နေ့လယ် ၃ နာရီခွဲခန့်တွင် မိဘများနှင့် ယင်း ၇၅၇ တပ်ရင်းသို့ သွားရောက်ကာ တိုင်ကြားခဲ့စဉ် ဆေးကုရန် ငွေ ၃ သောင်းအားလည်း ပေးလိုက်ကြောင်း ပြောသည်။

စစ်တွေမြို့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက “ဒါက ရိုက်နှက်မှုဖြစ်တဲ့အတွက် ၃၂၄ တို့ ၃၂၅ ဥပဒေပုဒ်မတို့ မြောက်တယ်ပေါ့။ ဒီကိစ္စက ရာဇဝတ်မှုမြောက်ပါတယ်။ တရားစွဲလို့ရတယ်။ လူအများရှေ့မှာ အရှက်ဂုဏ်သိက္ခာတွေကျတယ်။ ရိုက်နှက်ခံရတယ်ဆိုတော့ ရာဇဝတ်မှုမြောက်တယ်။ ဒီကိစ္စက အရေးယူရမယ်။ တကယ်လို့ ကာယကံရှင်က ကျေအေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။

မောင်ညီညီစိုး ရိုက်နှက်ခံရသည့် ကိစ္စအား ရခိုင်ပြည် ကျောင်းသားသမဂ္ဂက  နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက် တင်ပြသွားရန်စီစဉ်နေကြောင်း မောင်ညီညီစိုးက ပြောသည်။

ဆက်စပ် သတင်းများ