ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း စပါးထားရွာမှဆန်စက်ပိုင်ရှင်အားဖမ်းဆီးခံရပြီးနောက် မိသားစုများက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သွားတွေ့၊ ဦးရဲကျော်ထွန်းအား ရဲလက်သို့ လွှဲပြောင်းလိုက်ပြီဟုသိရှိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၃ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက စက်တင်ဘာ ၂ ရက်နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

တွေ့ဆုံရာတွင် ပါဝင်ခဲ့ကြသူများမှာ ဖမ်းဆီးခံထားရသည့် ဦးရဲကျော်ထွန်း၏ အစ်ကိုဖြစ်သူ ဦးမောင်သန်းမြင့်နှင့် ညီမဖြစ်သူ ဒေါ်မူမူခိုင်တို့ဖြစ်ကြသည်။

ညီမဖြစ်သူ ဒေါ်မူမူခိုင်က “ မနက် ၁ဝ နာရီခွဲလောက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးမှာ ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရတာပါ။ ကျွန်မတို့က ကျွန်မတို့အစ်ကို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ အတွက် ဝန်ကြီးချုပ်ကို သွားရောက် တင်ပြတာပါ။ ဝန်ကြီးချုပ်ကလည်း သက်ဆိုင်တဲ့ စစ်ဘက်က တာဝန်ရှိသူတွေကို ကျွန်မတို့ရှေ့မှာဘဲ ဖုန်းဆက်ပါတယ်။ ဘယ်သူ့ဆီဆက်တာလည်း ကျွန်မတို့ မသိပါ။  စပါးထားက ဖမ်းဆီးခံရတဲ့သူရဲ့ မိသားစုတွေ ရောက်နေတဲ့ အကြောင်း ပြောတာ ကြားရပါတယ်။ ပီးရင် ဦးရဲကျော်ထွန်း ဘယ်ရောက်နေလဲ ဆိုတာကိုလည်း မေးတာကြားရပါတယ်။ စစ်ဆေးတဲ့ နေရာမှာဘဲ ရှိနေတယ်လို့ ကျွန်မတို့ သိခဲ့ရပါတယ်” ဟု ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်မှ အဆင်ပြေအောင်လုပ်ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများကို ဆက်သွယ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဆန်အိတ်တိကို သိမ်းတုန်းကတော့ လက်မှတ်ထိုးပြီး သိမ်းသွားတာ ဖြစ်ပါတယ်။ ခဏလေး စစ်ဆေးစဉ် အတွင်းမှာ သိမ်းဆည်းမယ်ဆိုပြီး ပြောသွားတယ်။ ဆန်အိတ်တွေကို သိမ်းတာက ကိစ္စ မရှိဘူး။ လူကို ပကတိ အကောင်းအတိုင်း လိုချင်ပါတယ်လို့။ ညှဉ်းပန်းနှိပ်စက်တာကို မဖြစ်စေချင်ဘူးလို့ တင်ပြပါတယ်။  ရဲဘက်ကို လွှဲပြောင်းပေးဖို့နဲ့ ပြည်ထဲရေးဘက်ကို လွဲပေးစေချင်တယ်လို့ တင်ပြပါတယ်။ ဝန်ကြီးချုပ်ကတော့ သူအနေနဲ့ အဆင်ပြေအောင် လုပ်ပေးမယ်။ အားလုံး အဆင်ပြေစေချင်တယ်လို့ ပြောပါတယ်။ သူ့မှာလည်း လုပ်ရမယ့် ဟာက အဆင့်ဆင့်ရှိတယ်။ သူတစ်ယောက်တည်းနဲ့ မပြီးဘူးလို့ ယူဆရပါတယ်။ အာမခံတဲ့ သဘောမျိုးတော့ မဟုတ်ဘူး။ အဆင်ပြေအောင် လုပ်ပေးမယ်။ ဒီလောက်ဘဲ ပြောတာပါ” ဟု ဒေါ်မူမူခိုင်က ပြောသည်။ 

 ယမန်နေ့ ညနေ့က ဦးရဲကျော်ထွန်းအား စစ်တွေအမှတ် (၁) ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်သည်စု သိရှိရကြောင်း၊ လိုအပ်မည့် ပစ္စည်းများကို ပေးခွင့်ရသော်လည်း မိသားစုများနှင့် တွေ့ခွင့် မရသေးကြောင်း၊ ရင်ဘတ်အောင့်ပြီး ဆေးခန်းပြနေရသည်ဟု သတင်းရ၍ မိသားစုများ စိုးရိမ်နေကြောင်း၊ မိသားစုများအနေဖြင့် အမြန်တွေ့ခွင့်ရစေလိုကြောင်း သူမက ဆက်လက် ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် စပါထားကျေးရွာအတွင်းသို့ သြဂုတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်က တပ်မတော်နှင့် ရဲ အင်အား ၅ဝ ခန့်မှ ဝင်ရောက် လာပြီး နေအိမ်များကို စစ်ဆေးမှု ပြုလုပ်ပြီး  ည ခုနစ်နာရီခန့်တွင် ဦးရဲကျော်ထွန်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ည ၈ နာရီခန့်တွင် ၎င်းတပ်ဖွဲ့ဝင်များသည် နောက်ထပ် တစ်ကြိမ် ရောက်ရှိလာပြီး ဦးရဲကျော်ထွန်း ဆန်စက်မှ ဆန်အိတ်(၇၃)အိတ်ကို သိမ်းယူပြီး ရေယာဉ်ပေါ်ကို တင်ကာ ယူဆောင်သွားခဲ့ကြောင်း ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးက ပြောကြားသည်။

“ဆန်စက်မှာ ဆန်မရှိရင်ဘာရှိရမလဲ။ ဆန်တွေကလည်း ပွဲရုံပို့ဖို့ လုပ်ထားတာ။ အဲဒါကို ရွာထဲလာပြီး အဖေ့ကို ဖမ်းတယ်။ ဆန်တွေကို သိမ်းတယ်။ အုပ်ချုပ်ရေးမှူးကိုလည်း ထပ်ခေါ်သွားတယ်။ တပ်က အေအေ အတွက် ရိက္ခာသိုလှောင်ထားတယ်လို့ ထုတ်ပြန်တယ်လို့သိရတယ်။ အေအေနဲ့ ကျွန်မတို့နဲ့ ဘာအဆက်စပ်မှ မရှိဘူး။ စိတ်မကောင်းသလို မကျေနပ်ဘူး။ ဒေါသလည်းထွက်တယ်။ မတရား စွပ်စွဲတဲ့အတွက်။ အဖေ့ကို ရိုက်များ ရိုက်နေကြပြီလားဆိုပြီး စိုးရိမ်လို့ ထမင်းလည်းမစားနိုင်ဘူး” ဟု သူမက ပြောသည်။

အဆိုပါ ဆန်စက်ပိုင်ရှင်နှင့် ဆန်အိတ်များအား ဖမ်းဆီးမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က စက်တင်ဘာလ (၁)ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ (၃၁)ရက်နေ့  နံနက်ပိုင်းက စပါးထား ကျေးရွာအတွင် လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း နေအိမ်မှ အေအေအတွက် ရိက္ခာသိုလှောင်ထားသည့် ဆန်အိတ်(၈ဝ)အား တွေ့ရှိ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

ဆန်အိတ်များသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန် စိစစ်ပြီး ဆုံးဖြတ်ကြစေချင်ကြောင်း ၎င်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က ပြောကြားသည်။

“မိသားစုကဆက်သွယ်လာလို့ အကြောင်းစုံကို သူတို့ပြောပြချက်အရသိရတယ်။ တပ်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ထားလို့ သူတို့စိုးရိမ်နေကြတယ်။ ဦးလေးအနေနဲ့လည်း သက်ဆိုင်ရာတွေကဒီဟာကို မှန်မှန်ကန်ကန် စိစစ်ပြီးဆုံးဖြတ်ကြစေချင်တယ်” ဟုပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁ ရက် ညနေ ၃နာရီခန့်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်သိန်းစိုး အသက်(၅ဝ)နှစ်အား မေးမြန်းစရာရှိသည်ဟုဆို၍ တပ်က ထပ်မံခေါ်ယူသွားခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အုပ်ချုုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်စောတင်မြင့်က “ ရဲကျော်ထွန်းက ကောင်းကောင်းမွန်မွန်နေတာလို့ အုပ်ချုပ်ရေးမှူးက လာဖမ်းတဲ့စစ်သားတွေ ၊ ရဲတွေကိုပြောတယ်။ ဆရာတို့ ဆန်ကိုယူချင်လည်း ယူကြပါ။ ကျွန်တော့ တူကိုတော့ လွှတ်ပေးပါလို့ကျွန်မရှေ့တင်ပြောတယ်။ ရဲကျော်ထွန်းကို ဖမ်းပြီး ခဏနေ ည ရှစ်နာရီလောက်မှာ ဆန်တွေကို လာယူသွားတယ်။  ဟိုတစ်နေ့က တော့ ကျွန်မယေင်္ာကျားကိုပါ မေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီးခေါ်သွားတာပါပဲ။ မနေ့ကတော့ ကျွန်မယောက်ျားကို စစ်ဆေးပြီး ပြန်လွှတ်လိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ အခု ဖြစ်ရပ်က ဒေသခံ ပြည်သူများ များစွာစိုးရိမ်နေသည်ကို တွေ့ရကြောင်း၊ ရခိုင်စိုက်ပျိုးရေး လုပ်ငန်းနှင့် ဆန်စပါး လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ ပတ်ဝန်းကျင်မှ ပြည်သူများ အကြောက် တရားဝင်သွားကြောင်း၊ ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ကျေးရွာသားများကြောက်ပြီး ထွက်ပြေးနေကြသည်ဟု သိရသဖြင့် လွန်စွာစိုးရိမ်မိကြောင်း ” သုံးသပ် ပြောဆိုသည်။  

ဆက်စပ် သတင်းများ