ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တပ်မတော်က ၁၂ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သော ဇိုင်ချောင်း ကျေးရွာသား ၁၅ဝ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၄ / ၂ဝ၂ဝ

မြန်မာတပ်မတော်စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးထိန်သိမ်း စစ်ဆေးမှုကို ၁၂ ရက်ခန့် ခံခဲ့ရသည့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ဇိုင်းချောင်းကျေးရွာသား ၁၅ဝ ခန့်သည် ယနေ့နံနက် ပြန်လွတ်လာကြသည်ဟု သတင်းရရှိသည်။

သိုင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းထိန်က “ ဒီနေ့ပြန်လွတ်ပါတယ်။ သူတို့စစ်ကြောင်းက ဒီနေ့ မနက်ပိုင်းက ရွာကထွက်သွားပါပြီ။ သူတို့က ကျနော်တို့က နိုဝင်ဘာလ ၂ ရက်နေ့ကနေ စဖမ်းပြီးတော့ စာသင်ကျောင်းမှာ ထိန်သိမ်းထားပါတယ်။ ကျနော်တို့ ၁၂ ရက်တိတိ အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရတာ လူပေါင်း ၁၅ဝ လောက်ရှိပါတယ်။ အဖမ်းခံခဲ့ရတဲ့အချိန်မှာ အဓိကတော့ ကျနော်တို့ စားရေး သောက်ရေး အခက်အခဲတွေကို ကြုံခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဆိုရင် ကျန်းမာရေး ထိခိုက် သွားတာတွေရှိတယ်” ဟု ပြောသည်။

၁၂ ရက်ကြာ တပ်မတော်သားများ၏ ထိန်သိမ်းစစ်ဆေးခြင်းကို ခံခဲ့ရသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုတချို့မှာ ကျန်းမာရေးထိခိုက်မှုများရှိခဲ့သည့်အပြင် ရွာသားများတွင် စိုက်ပျိုးထားသော စပါးခင်းများအားလည်း အချိန်မီ မရိတ်သိမ်းနိုင်သဖြင့် ပျက်စီးမှုများရှိကြောင်း ၎င်းက ပြောသည်။

“တစ်နေရာတည်းတွင် ရက်တာရှည်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ရတော့ လူတွေက အကုန်လုံး နွမ်းကုန်တယ်။ လူတွေအများကြီး  စုပုံပြီးနေရတာရယ်။ နေရာတွေက  မသန့်ရှင်းတာတွေ၊  အနံ့အသက်တွေ မကောင်းတာတွေကြောင့် ကလေးငယ် လေးငါးဦးက ပန်းနာရင်ကျပ်ဖြစ်ပြီး ဆေးရုံတက်နေရတယ်။”

မှည့်နေသည့် စပါးများကိုလည်း အချိန်မီ မရိတ်သိမ်းနိုင်လိုက်သလို အစာကျွေးမယ့်သူ မရှိ၍  မွေးမြူးထားသည့် ဝက်တွေတချို့လည်း အစားငတ်ပြီး သေသွားခဲ့သည်ဟုဆိုသည်။

အပြစ်မရှိသော ကျေးရွာသားများအား ယခုလိုမျိုး ရက်တာရှည်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းများ မလုပ်သင့်ကြောင်း ၄င်းကဆက်ပြောသည်။

ဇိုင်ချောင်းကျေးရွာသားများကို စတင်ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်က ကျောက်ဖြူ တပ်ရင်းမှ အင်အား  ၁ဝဝ ကျော်ခန့်ရှိသော စစ်ကြောင်းတစ်ခု ဖမ်းဆီး ထိန်းသိမ်းခြင်းဖြစ်ပြီး သုံး၊ လေးရက်ခန့် အကြာတွင် ၄င်းစစ်ကြောင်း ထွက်ခွာပြီး အင်အား ၇ဝ ခန့်ရှိသော ရေတပ်သားများရောက်ရှိလာကာ ဆက်လက် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

“ ကျနော်တို့ကို ပထမဆုံးစဖမ်းတာကတော့ ခြေမြန်တပ်က အရင်စဖမ်းတာပါ။ သူတို့ ဖမ်းတုန်းကတော့ ရွာသား လေး၊ ငါး ယောက်ကို ရိုက်နှက်ပြီးတော့ စစ်ဆေးတာတွေရှိခဲ့တယ်။ နောက် သုံး၊ လေးရက်လောက်အကြာမှာ ရေတပ်ကို လွှဲပေးခဲ့တယ်။ ရေတပ်ကတော့ စစ်ဆေးတာပဲရှိပါတယ်။ ရိုက်နှက်တာတွေတော့မရှိပါဘူး။ ဒီနေ့ မနက်ပိုင်းမှာ သူတို့ရွာကထွက်ပြီးတော့ သစ်ပုတ်တောင် ရေတပ်စခန်းဘက်သို့ ထွက်ခွာသွားကြတယ်” ဟုပြောသည်။

အဆိုပါ ဇိုင်းချောင်းကျေးရွာတွင် အိမ်ခြေ ၁၂ဝ ကျော်ရှိပြီး လူဦးရေ ၄ဝဝ ခန့်ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးစဉ်တွင် ကျေးရွာသားတချို့မှာ နီးစပ်ရာဆွေးမျိုးများနှင့် စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးတိမ်ရှောင်၍ လွှတ်မြောက်ခဲ့သော်လည်း ရွာသားထဲတွင် ကျန်ရှိခဲ့သော ကျေးရွာသား ၁၅ဝ ခန့်မှာ ယခုလိုမျိုး ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်း ကျေးရွာအတွင်းဝင်ရောက်လာပြီးနောက် ယင်းနေ့က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် အသက် ၅ဝ အရွယ် ဒေါ်နုခင်မေမှာ ကျည်ထိမှန် ဒဏ်ရာရရှိသွား၍ ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှု ခံယူနေရာကြောင်း ၎င်းက ပြောကြားသည်။

၎င်းပြင် ဇိုင်ချောင်းကျေးရွာမှ ဦးအောင်မြင့်၏ ကုန်စုံဆိုင်နှင့် ဦးဆိတ်နုအောင်၏ နေအိမ်တို့မှာ ယနေ့ နေ့လယ်က မီးလောင်သွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ပို့စ်တွင်လည်း သက်ကြီးရွယ်အိုများ အပါအဝင် ဇိုင်ချောင်းကျေးရွာသားများ ပြန်လွတ်လာကြောင်း၊ ရွာသားများမှာ ဆက်လက်စိုးရိမ်နေဆဲ ဖြစ်ကြောင်း၊ တပ်က ပြန်သွားပြီ ဖြစ်ကြောင်းကို ဖော်ပြထားသည်။


(ဓာတ်ပုံ- ဦးကျော်လွင်ပို့စ်)

ဆက်စပ် သတင်းများ