အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

လူ့အခွင့်အရေးနေ့ ဖမ်းဆီးခံပြီးပြန်လွတ်လာသည့် ရခိုင်လူငယ် ၃ဦးကိုတရားစွဲမည်ဟု ရဲကအကြောင်းကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
စစ်တွေ၊ ဒီဇင်ဘာ ၁၇ / ၂ဝ၂ဝ

ဒီဇင်ဘာလ (၁ဝ) ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်း အမှတ်လှုပ်ရှားမှုပြုလုပ်၍ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသည့် လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးကို တရားစွဲဆိုမည်ဖြစ်ကြောင်းကို စစ်တွေမြို့မ ရဲစခန်းမှ ကာယကံရှင်များကိုအကြောင်းကြားလာသည်ဟု သတင်းရရှိသည်။

တရားစွဲဆိုခံရမည့် အထဲတွင် ပါဝင်သည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသန်းလှက “ ဘယ်ပုဒ်မနဲ့ တရားစွဲဆိုမည်ဆိုတာကို မသိရသေးဘူး။ ဒါပေမယ့် တရားရုံးကို ရောက်မှ သိရမယ့် သဘောဖြစ်တယ်။ တရားစွဲခံရမှာကတော့ ၃ ယောက်ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၁ နေ့ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရှိရပါတယ်” ဟု ပြောသည်။

တရားစွဲဆိုခံရမည့် သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

လူ့အခွင့်နေ့မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးခြင်းကို ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့်သော ကိစ္စတစ်ခုဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို အားပေးအားမြောက်မပြုသော အစိုးရဖြစ်သဖြင့် ယခုလိုမျိုး တရားစွဲဆိုရခြင်းသာဖြစ်ကြောင်း ကိုသန်းလှက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းသို့ ညနေ ၄ နာရီခန့်က ဖုန်းဆက်သွယ်ရာဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူအခွင့်အရေးအတွက် လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ဆက်စပ် သတင်းများ