ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လူ့အခွင့်အရေးနေ့လူပ်ရှားသူ ရခိုင်လူငယ် ၃ ဦးကို ငြိမ်စုစီ ပုဒ်မ(၁၉) ဖြင့် တရားစွဲဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
စစ်တွေ၊ ဒီဇင်ဘာ ၂၁ / ၂ဝ၂ဝ

ဒီဇင်ဘာလ (၁ဝ) ရက်နေ့က စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်၍ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသည့် လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ် ၃ ဦးအား ငြိမ်စုစီ ဥပဒေပုဒ်မ ၁၉(က) ဖြင့် ယနေ့တွင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။

တရားစွဲဆိုခံရသူ အထဲတွင် ပါဝင်သည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသန်းလှက “ လူ့အခွင့်အရေးနေ့မှာ လှုပ်ရှားခဲ့တဲ့အမှုကို ဒီနေ့မှာ စစ်တွေမြို့မ ရဲစခန်းကနေပြီးတော့ တရားလိုလုပ်ပြီး  အမှုတင်တယ်။ ဒီနေ့မှာကို ကျနော်တို့ကို တရားရုံးက ငြိမ်စုစီပုဒ်မ ၁၉ (က) နဲ့ ကျနော်တို့ကို တရားစွဲဆိုပါတယ်။ ” ဟု ပြောသည်။

တရားစွဲဆိုခံရသူ သုံးဦးမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခေါ်)ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ဖြစ်ကြသည်။

မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝေဖန်ပြောဆိုခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အား ကြိုဆိုကြောင်း အထိမ်းအမှတ်ပြုလုပ်၍  တရားစွဲဆိုခြင်းအပေါ် စဉ်စားလို့မရဖြစ်နေသည်ဟု  ကိုသန်းလှက ဆက်ပြောသည်။

“ လက်ရှိကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုတယ်ဆိုတဲ့ အထိမ်းအမှတ်ဖြစ်တယ်။ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုလည်း ကျနော်တို့ တစ်ဖက်မှာ ကြိုဆိုတယ်ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ့။ ကျနော်တို့က လူ့အခွင့်အရေးကို ကြိုဆိုတယ်ဆိုတဲ့ အထိမ်းအမှတ်လုပ်တာကိုတောင်မှ တရားစွဲဆိုတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်တယ်။ စဉ်းစားလို့မရ ဖြစ်မိတယ်” ဟု ပြောသည်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဖိုးထားသော ပြည်သူများအပေါ်အစိုးရအနေဖြင့်  အသိအမှတ်ပြု လက်ခံရမည့်အစား ယခုလိုမျိုး တရားစွဲဆိုမှုအပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင့် တရားစွဲခံရသူ မခိုင်မြတ်သူက ပြောသည်။

“ ကျမတို့အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဘာလို့လည်းဆိုတော့ အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံပြီးသား နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ကျမတို့အနေနဲ့ ဆန္ဒပြတာလည်းမဟုတ်ဘူး၊ လှုပ်ရှားမှုတစ်ခုပြုလုပ်တာပဲဖြစ်တယ်။ လူ့အခွင့်အရေးကို လိုက်နာလေးစားတန်ဖိုးထားတဲ့ပြည်သူတွေအပေါ်မှာ အစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံရမယ့်အစား အခုလိုမျိုး တရားစွဲဆိုမှုအပေါ် ကျမ လူငယ်တစ်ယောက်အနေနဲ့ ရော၊ အမျိုးသမီး တစ်ယောက်အနေနဲ့ရော များစွာစိတ်မကောင်းဖြစ်မိတယ်” ဟုပြောသည်။

၄င်းတို့ ၃ ဦးအား ယနေ့တွင် စစ်တွေမြို့နယ် တရားရုံးတွင် စစ်တွေမြို့နယ်ရဲမှူးမှ တရားလိုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး လက်ရှိ အာမခံဖြင့် လွှတ်ပေးလိုက်ပြီး လာမည့် ဒီဇင်ဘာလ ၃ဝ နေ့တွင် ထပ်မံရုံးချိန်းကြောင်း သိရှိရသည်။

၄င်းတို့ ၃ ဦးအား ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူအခွင့်အရေးအတွက် လှုပ်ရှားမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ဆက်စပ် သတင်းများ