စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အပေါက်ဝစျေးသည်များထံမှ ငွေမပေးဘဲယူသွားသည့် စားသောက်ကုန်များအတွက် တပ်မတော်က လျော်ကြေးပေး၊ စျေးသည်များက လက်မခံခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ စျေးသည်များထံမှ တပ်မတော်သားများက ငွေမပေးဘဲ ယူဆောင်သွားသည့် စားသောက်ကုန်များအတွက် တန်ဖိုးကို လျော်ကြေးပေးမည်ဟု တပ်မတော်တာဝန်ရှိသူများက ပြောဆိုသော်လည်း စျေးသည်များက လက်မခံခဲ့ကြောင်း စျေးသည်များက ပြောကြားသည်။

ယနေ့ နေ့လယ်ပိုင်းက တပ်မတော်အရာရှိအချို့က အပေါက်ဝရဲစခန်းသို့ စျေးသည်များနှင့် စျေးကော်မတီဝင် တို့အား ၄င်းတို့နှင့် လာရောက်တွေ့ဆုံရန် အကြောင်းကြား၍ ဦးစံလှိုင်နှင့် စျေးသည် ၈ ဦးတို့ သွားရောက် တွေ့ဆုံစဉ် တပ်ရေးဗိုလ်ကြီးမှ ထိုသို့ လျော်ကြေးပေးမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

ယနေ့ အပေါက်ဝရဲစခန်းတွင် တပ်တော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် စျေးသည် ၈ ဦးထဲမှ မဆန်းဆန်းနွယ်က “ဒီထက်ဆိုးလာမှာကို စိုးလို့ ယူသွားတဲ့ပစ္စည်းတွေအတွက် လျော်ပေးတဲ့ငွေတွေကို ကျွန်မတို့ လက်မခံခဲ့ပါဘူး။ ငွေပေးရင်ရတယ်ဆိုပြီး နောက်တစ်ခါထပ်လုပ်မှာကို ကျွန်မတို့ စိုးရိမ်ပါတယ်။ ငွေကိုမလိုဘူး၊ နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့လို့ ပြောခဲ့ပါတယ်။ သူတို့ကလည်း နောက်မဖြစ်စေရဘူး၊ အာမခံတယ် ဆိုပြီး ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နေ့လယ်က အပေါက်ဝ ရဲစခန်းရောက်တွင် တပ်မ ၂၂ က ဗိုလ်ကြီးတစ်ဦးမှ စျေးကော်မတီအပါအဝင် စျေးသည် ၈ ဦးနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

အပေါက်ဝစျေးကော်မတီ ဥက္ကဋ္ဌ ဦးစံလှိုင်က “ပြည်သူစျေးသည်တွေဆီက ယူသွားတဲ့ စားသောက်ကုန်တွေရဲ့ ပစ္စည်းတန်ဖိုးက ဘယ်လောက်၊ ဘာတွေက ပါသွားတယ်ဆိုတာကို မေးပါတယ်။ သူတို့က ပစ္စည်းတန်ဖိုးတွေကို လျော်မယ်ပေါ့ အဲလိုပြောတယ်။ ကျွန်တော်တို့နဲ့ စျေးသည်တွေကလည်း လျော်ကြေးကိုမပေးချင်လည်းရတယ်၊ တည်တည်တံ့တံ့ သာသာ ယာယာပဲ ဖြစ်ချင်တယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ လိုအပ်တယ်ဆိုပြီးတော့ ပြောခဲ့ကြပါတယ်။ အဲဒါတွေကို လုပ်မပေးနိုင်ဘူးဆိုရင် သတင်းဌာနတွေနဲ့ သက်ဆိုင်ရာတွေကို တိုင်ကြား အသိပေးသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ သူတို့ကတော့ နောက်နောင်မဖြစ်ဖို့ အာမခံတဲ့အကြောင်းတွေကို ပြောခဲ့ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အပေါက်ဝကျေးရွာတွင် ဒီဇင်ဘာ ၂၃ ၇က်နေ့ နံနက်ပိုင်းက စျေးရောင်းချသည့် စျေးသည်များထံမှ စားသောက် ကုန်ပစ္စည်းများကို အင်အား ၂ဝ ခန့်ရှိသည့် တပ်မတော်သားများက ငွေမပေးဘဲ ယူဆောင်သွားခဲ့သည်။

“ စျေးသည်တွေဆီက ပါသွားတဲ့ တန်ဖိုးက လေးသိန်းကျော်လောက်ရှိတယ်။ ဝက်သား၊ ငါးခြောက်၊ ကုန်စုံဆိုင် တွေကရော အကုန်ပဲပေါ့။ ပစ္စည်းတွေပါသွားတဲ့ စျေးသည်ကတော့ ၅ဝ လောက်ရှိတယ်။ ကျွန်တော်တို့ ရဲစခန်းရောက်တော့ တပ်မ ၂၂ က ဗိုလ်ကြီးနဲ့တွေ့တယ်။ နာရီခွဲကျော်လောက် စကားပြောခဲ့ကြပါတယ်။” ဟု ဦးစံလှိုင်က ဆက်ပြောသည်။

ထိုသို့ ဒီဇင်ဘာ ၂၃ ရက်နေ့က ယူဆောင်သွားပြီးနောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် ဦးစံလှိုင်ထံ တပ်မတော်သားအချို့က လာရောက်ကာ အပေါက်ဝကျေးရွာအတွင်း ရောင်းချစားသောက်နေကြသည့် နေရာတွင် စားသောက်ကုန်များကို အတင်းအဓမ္မကောက်ယူခြင်း မရှိကြောင်း၊ ကျေးရွာအတွင်း မဟုတ်မတရား၊ မတော်မတရားဘဲ ဖမ်းဆီးခေါ်ဆောင်မှုမရှိကြောင်း ပါရှိသည့် ခံဝန်ချက်စာရွာတစ်ခုတွင် လက်မှတ် ရေးထိုး ခိုင်း၍ ဦးစံလှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ရကြောင်းလည်း ဦးစံလှိုင်က ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၇ နာရီခန့်ကလည်း အပေါက်ဝကျေးရွာမှ ကားဂိတ်မှူး ဦးသိန်းထွန်း၏ သား အသက် ၁၈ နှစ်အရွယ် မောင်အောင်နေဝင်းမှာ ၄င်း၏ အိမ်၌ရှိနေစဉ် တပ်မတော်သားအချို့က ကားဂိတ်အနီးရှိ လမ်းမတစ်ခုပေါ်မှ မောင်နေဝင်းအား ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ကြောင်းလည်း မောင်နေဝင်း၏ ဖခင်ဖြစ်သူ ဦးသိန်းထွန်းက ပြောသည်။

ဦးသိန်းထွန်းက “ဒီနေ့ မနက်က စျေးသည်တွေနဲ့ မတွေ့ခင် ကျွန်တော်မဟုတ်ရင် ကျွန်တော့်မိသားစုတွေဖြစ်ဖြစ် လာတွေ့ပါဆိုလို့ ရဲစခန်းကို ကျွန်တော့်အစ်ကိုသွားတွေ့ခဲ့ပါတယ်။ အဲဒီမှာ သူတို့က အခုလိုမျိုး နောက်မဖြစ်စေရဘူးဆိုပြီး ပြောပါတယ်။ အဲဒီနေ့က သူတို့ အထက်က စစ်ဆေးခိုင်းလို့ လုပ်တာဆိုပြီး ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် နောက်ကျောနှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့၍ အပေါက်ဝဆေးခန်း၌ ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ