အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအတွက် တရားမျှတမှုရရှိရေး ရက္ခိုင်ရှေ့နေများကောင်စီကို ကူညီတောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ / ၂ဝ၂ဝ

၉ လကျော်ကြာ ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအား တရားမျှတမှုရရှိရေးအတွက် မိသားစုဝင်များနှင့် ကူညီဆောင်ရွက်နေသူတစ်ဦးက ရက္ခိုင်ရှေ့နေများကောင်စီကို အကူအညီ တောင်းခံလိုက်ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသော တင်းမကျေးရွာသားများအမှုအား အမှန်တရားပေါ်ပေါက်ရေး၊တရားမျှတမှုရရှိရေးအတွက် ရက္ခိုင်ရှေ့နေများကောင်စီကို အကူအညီတောင်းခံရခြင်းဖြစ်သည်ဟု တင်းမကြီးကျေးရွာမှ ပျောက်ဆုံး နေသူများ၏ မိသားစုဝင် ဦးထွန်းသိန်းက ပြောသည်။

“ ကျနော်တို့က ကျောက်တော်ရဲစခန်းမှာ ဒီကိစ္စအတွက် အကြိမ်ကြိမ်တိုင်ဖူးတယ်။ ဒါပေမဲ့ တစ်ခုမှ လုပ်မပေးတဲ့အတွက် ပေးဖို့နည်းလမ်းတစ်ခုအဖြစ် ဒီကိစ္စကို ဖော်ထုတ်ချင်တယ်အနေနဲ့ ကျနော်တို့က တရားမျှတမှုကို လိုချင်တဲ့အနေနဲ့ ရှေ့နေများကောင်စီကို အကူအညီတောင်းရတယ်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အကူအညီတောင်းခံစာထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ အလောင်းဖျောက်ထားခံရနေရသည်ဟု ယူဆရသော တင်းမကျေးရွာသား (၂၁) ဦး၏ တရားမျှတမှုများ၊ ဆုံးရှုံးနစ်နာခံနေရမှုများ အတွက် ဥပဒေ အကူအညီများ ရယူလိုကြောင်းစသည့် အချက်များပါရှိသည်ဟု သိရသည်။

မှုခင်းပိုင်းဆိုင်ရာများကို ဆောင်ရွက်သောအချိန်တွင် ရှေ့နေများပါဝင်လျှင် ပိုမိုထိရောက်မှုရှိနိုင်ကြောင်းနှင့် အမှားနည်းအောင်အတွက် ရက္ခိုင်ရှေ့နေများကောင်စီအား အကူညီတောင်းခံရခြင်းဖြစ်ကြောင်း ပျောက်ဆုံး နေသူများ အတွက် တရားမျှတမှုရရှိရေး ကူညီ ဆောင်ရွက်နေသူ ကျောက်တော်မြို့မှ လူထုဇော်ဝင်း (ခ) ကိုဇော်ဝင်းက ပြောသည်။

“အရင်ဆုံးကျနော်တို့က ကျောက်တော်မြို့မရဲစခန်းမှူးကို တရားစွဲမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ တင်းမရွာသားတွေနှင့် အရင်ဆုံးစခန်းကို သွားခဲ့တဲ့နေ့က ကျနော်တို့ကို မဖွယ်မရာပြောဆိုမှုတွေ၊ ခြိမ်းခြောက် မှုတွေ အများကြီးရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ စခန်းမှူး၊ မြို့နယ်မှူးတို့က အောက်ခြေ တာဝန် ရှိသူတွေကို အရေးယူ၊ အပြစ်ပေးတာတို့ ဒီနေ့အချိန်ထိလုံးဝမရှိသေးဘူး။ ပြည်သူကို အားမနာ ခြိမ်းခြောက်တဲ့ ရဲဝန်ထမ်း တချို့ကို အရေးယူမှုမရှိတဲ့အတွက်  သူတို့မှာ အပြစ်ရှိတယ်။ ဒါကြောင့် သူတို့ကို တရားစွဲမယ်လို့ စိတ်ကူး ထားတယ်။ ဒါပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ရင်တော့ အဖြေတစ်ခုပေါ်လာမှာဖြစ်တယ်” ဟုပြောသည်။

လူသားများအနေဖြင့် တရားမျှတမှုရရှိပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက်  လိုအပ်သလို့ ချိတ်ဆက် တိုင်းတန်းပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကိုဇော်ဝင်းက ဆက်ပြောသည်။

ရက္ခိုင်ရှေ့နေများ ကောင်စီကလည်း အကူအညီတောင်းခံလာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း ရှေ့နေများ ကောင်စီအတွင်းရေးမှူး ကိုဇော်ဇော်မင်းက ပြောသည်။

“ကျနော်တို့အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတော့ ဘယ်လို့လုပ်ဆောင်သွားမယ်။ ဥပဒေကြောင်းအရ ဘယ်လို ကူညီပေးသွားမယ်ဆိုတာတွေကိုပေါ့။ ကျနော်တို့ကတော့ ကူညီပေးသွားမှာဖြစ်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဘယ်လိုနည်းနဲ့ကာကွယ်ပေးသွားမယ် ဆိုတာတွေကိုတော့ တိကျတဲ့ အဖြေကို ပြောလို့ မရသေးဘူး” ဟုပြောသည်။

ရက္ခိုင်ရှေ့နေများကောင်စီကို ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းရေးအတွက် ရည်မှန်းပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

တပ်က ဖမ်းပြီးနောက် ပျောက်ဆုံးနေသူ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးမှာ  ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း၊ မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသူ သူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ကျန်ပျောက်ဆုံးနေသူ သုံးဦးမှာ ကျောင်းစောင့်ကပ္ပိယများဖြစ်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ