ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့မှ ဦးကျော်လှိုင်အသတ်ခံရမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေဆရာတော်ကို တပ်နှင့် ရဲတာဝန်ရှိသူများလာရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ၈/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အသတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရသူ ဦးကျော်လှိုင်(၃၁)နှစ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၇ ရက်နေ့ နံနက်က မျက်မြင်သက်သေဖြစ်သည့် ရွှေကျောင်းဓမ္မာရုံဆရာတော် ဦးစန္ဒိမာအား တပ်မတော်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဘုန်းကြီးကျောင်းဝင်းထဲတွင် ဦးကျော်လှိုင်းအား တပ်မတော်သားများ ဖမ်းဆီး စစ်ဆေးခဲ့သည့် အကြောင်းအရာများကို တပ်မတော်နှင့် ရဲအရာရှိများကို အမှန်အတိုင်း ရှင်းပြပြောဆိုခဲ့သည် စစ်ဆေးခံခဲ့ရသည့် ရွှေကျောင်းဓမ္မာရုံ ဆရာတော်ဦးစန္ဒိမာက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“ ဟုတ်တယ်။ စကခ(၉)မှ တပ်မှူးနဲ့ ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်သူထွန်း လာစစ်ဆေး သွားတယ်။ အဲဖြစ်စဉ် အကြာကြီးမေးသွားတယ်။ အကုန်လုံးကို ပြောပြလိုက်တယ်။ စစ်သားတွေ ဦးကျော်လှိုင်ကို စစ်ဆေးခဲ့တဲ့ နေရာတွေကို လည်း လိုက်ပြလိုက်တယ်။ ဘာလို့ စိုးရိမ်ရမလဲ။ မှန်တာ ပြောလိုက်တာပဲ။ ဘာမှ ကြောက်စရာ မလိုဘူး။ သူတို့က ငွေငါးသောင်းတောင် ပြန်လှူသွားသေးတယ်” ဟု ဆရာတော်က မိန့်သည်။

စစ်ဆေးရန် ရောက်ရှိလာသူ စကခ(၉)မှ တပ်မှူးနှင့်အတူ အရာရှိများအပါအဝင် တပ်မတော်သားအင်အား ၅ဝ ခန့် ပါဝင်ပြီး ရဲတပ်ဖွဲ့တွင် ရဲစခန်းမှူး ဒုရဲမှူးကျော်သူထွန်းနှင့်အတူ ရဲအင်အား ၄ဦးခန့်ပါရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

“အဲဒီပိန္နဲပင်အောက်ကို ဦးကျော်လှိုင်ကို လက်ပြန်ကြိုး တုတ်ပြီးခေါ်သွားတယ်။ ငါလည်း ရေချိုးဖို့ထွက်တော့ ငါ့ကို ဆရာတော်ဆိုပြီး အော်ခေါ်တယ်။ လက်ကာပြတယ်။ ငါလည်း မမှတ်မိတော့ဘူး။ မျက်နှာတွေ ဖူးရောင် နေတယ်။ ငါ့ကို စစ်သားတွေ ဝိုင်းကြည့်နေကြတယ်။ ငါလည်း ရေမိုးချိုးပြီး ဝင်သွားတယ်။ ကျောင်းပေါ် တက်တယ်။ ကျောင်းထက်က ဆွမ်းစားပြီးပြန်လာတော့ အဲဒီပိန္နဲပင်အောက်မှာ တိုင်လေးတိုင် စိုက်ပြီးတော့ ပလက်စတိတ်နဲ့ သူ့ကိုကာထားတယ်။ အဲဒီက ရိုက်နှက်သံတွေ၊ ငိုယိုအော်ဟစ်သံတွေတော့ ကြားတယ်။ အဲဒါပဲ။ ဒါကိုပဲ ပြောပြလိုက်တာ” ဟုဆက်မိန့်သည်။

ဦးကျော်လှိုင်၏ ဇနီးဖြစ်သူ မစုချေက ဆရာတော်ဦးစန္ဒိမာကိုလာစစ်သော်လည်း သူမအား လာရောက် စစ်ဆေးခြင်း မရှိသေးကြောင်း ပြောကြားသည်။

”ကျွန်မတို့ လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်က အမှုသွားဖွင့်ပါတယ်။ ကျွန်မတို့ စာရွက်တွေကို လက်ခံပေးလိုက်တယ်။ လုပ်ပေးပါမယ်လို့တော့ ပြောလိုက်ပါတယ်။ အမှုတော့ လက်မခံ ပေးသေးဘူး။ ဆရာတော်ကို စစ်တယ်လို့တော့ သိရတယ်။ ကျွန်မကိုတော့ လာမစစ်ပါဘူး။”

သူမတို့ မိသားစုအနေဖြင့် ဦးကျော်လှိုင် မတရားသဖြင့် သတ်ဖြတ်ခံရ၍ ရဲစခန်းမှ အမှုအား လက်ခံဆောင်ရွက်ပေးစေလိုပြီး အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ဆက်ပြောသည်။

၄င်းအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးကျော်လှမြင့်က” ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့က ရဲစခန်းမှာ တိုင်ချက်သွားဖွင့်တယ်။နောက်တစ်နေ့ ၃၁ ရက်နေ့မှာ ရွှေကျောင်း ဆရာတော်နဲ့ ဦးအောင်ကျော်ဦးကို သက်သေအစစ်သွားခံတယ်။ ပြီးတော့ အခု ဇန်နဝါရီ ၃ ရက်နေ့မှာ သက်သေပစ္စည်း တစ်ခုသွားတင်ပြခဲ့တယ်။ မနေ့က ဆရာတော်ကို သူတို့ ကျောင်းကိုထိ လာစစ်သွားတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့မ ရဲစခန်း စခန်းမှူးအား နိရဥ္စရာမှ မေးမြန်းစုံစမ်းရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

ဦးကျော်လှိုင်မှာ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့ ဦးအောင်ကျော်ဦးဆိုင်ရှေ့သို့ ရောက်နေစဉ်  တပ်မတော် စစ်ကြောင်းတစ်ခုမှ ၄င်းအား ဖမ်းဆီးသွားပြီး ရွှေကျောင်းထဲသို့ခေါ်သွားခဲ့ပြီး မျက်မြင်ကိုယ်တွေ့ဖြစ်သူ ဦးအောင်ကျော်ဦးကလည်း ရဲစခန်းတွင် ဒီဇင်ဘာ ၃၁ ရက်နေ့က ထွက်ဆိုထားသည်။

၎င်းအား ဖမ်းဆီးပြီး သုံးရက်ခန့်အကြာတွင် ဦးကျော်လှိုင်၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပီနံအိတ်များဖြင့် ထုပ်ကာ ကုလားတန်မြစ်ကမ်းစပ်တွင် တွေ့ရှိခဲ့ရသည်ဟု မိသားစုများနှင့် မျက်မြင်ဒေသခံများက ပြောကြားသည်။

Photo- Kyaw Hla Myint

ဆက်စပ် သတင်းများ