သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လူ့အခွင့်အရေးဆိုင်ရာစည်းမျဉ်း၊စည်းကမ်းများကို အစိုးရကိုယ်တိုင်ချိုးဖောက်ဟုဆို၊ စစ်တွေမှ လူ့အခွင့်အရေးလှုပ်ရှားသူများအမှု ရုပ်သိမ်းရန် အရပ်ဖက်အဖွဲ့အစည်း ၄၃ ဖွဲ့တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.7k

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၁ဝ / ၂ဝ၂၁

ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး အတွက် လှုပ်ရှားသူ လူငယ် ၃ ဦးကို တရားစွဲဆိုခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများကို  ဖိနှိပ်ခြင်း ဖြစ်ကြောင်း ယနေ့ လူမှုအဖွဲ့အစည်း ၄၃ ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁ဝ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တင် စစ်တွေမြို့၌ တက်ကြွလူပ်ရှားသူ ၃ ဦးဖြစ်သည့် ကိုမင်းဘာချေ(ခ)သန်းလှ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ ၃ ဦးအား တရားစွဲဆိုရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း ၊ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများကို  ဖိနှိပ်ခြင်း ဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့်ကမ္ဘာတဝန်းလုံးတွင် ကျင်းပခဲ့ကြောင်း၊  ၄င်းသည် လူသားတိုင်း၏ အခွင့်အရေး၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် တန်တူညီမျှမှုတို့အတွက် အရေးကြီးသည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်ပါကြောင်း၊  ယခုအခါ တက်ကြွလှုပ်ရှားသူ ၃ ဦးမှာ ထောင်ဒဏ် ၃ လ ချမှတ်ခံရနိုင်ခြေ ရှိပါကြောင်း၊  ထိုလုပ်ဆောင်ချက်များသည်  လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို အစိုးရကိုယ်တိုင် ချိုးဖောက်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၄င်းတက်ကြွ လှုပ်ရှားသူများ အပေါ် စွဲဆိုထားသည့် စွဲဆိုချက်များကို ရုတ်သိမ်းပေးရန် တောင်ဆိုပါကြောင်း ဖော်ပြထားသည်။

၎င်းပြင် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်တွေမြို့ပေါ်၌ ငြိမ်းချမ်းစွာဖြင့် အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျောင်းသား ၄ ဦးဖြစ်ကြသည့် ကျော်နိုင်ဌေး၊ မြတ်စိုးဝင်း၊ ကောင်းထွန်းနှင့် ဦးသန်းနိုင်တို့အား နိုင်ငံတော် အကြည်ညိုပျက်စေမူ ပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဆိုထားပြီး ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့မှာ တိုက်ပွဲအတွင်း အရပ်သား သေဆုံးမူများအပေါ် ငြိမ်းချမ်းစွာ စုဝေခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်လည်း တရားရင်ဆိုင်နေရပါကြောင်း၊  ၄င်းတို့အား စွဲဆိုထားသော ပုဒ်မများအား ရုပ်သိမ်းပေးပြီး ချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြည်သူများအားကိုယ်စားပြုသည့်  လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား တက်ကြွ လှုပ်ရှားသူများကို အစိုးရအနေဖြင့် ဖမ်းဆီးခြင်းသည် လွှဲမှားနေသောကြောင့် အဆိုပါထုတ်ပြန်ချက်ထဲတွင် အခြားသော အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူပေါင်းပါဝင်ရခြင်း ဖြစ်သည်ဟု ပြောသည်။

“ ကျွန်တော်တို့နိုင်ငံမှာက လူ့အခွင့်အရေးလှုပ်ရှားမူတွေကို ဖမ်းဆီးတာက အစိုးရလုပ်ရပ်တွေ လွှဲမှားနေတယ်။ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွမူဆိုတာ လူတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုူ ထုတ်ဖော်တာပါ။ ဒါကို အစိုးရအနေနဲ့ ဖမ်းဆီးတာတွေ မလုပ်သင့်ပါဘူး” ဟု ပြောသည်။

လူ့အခွင့်အရေး လှုပ်ရှားမူကြောင့် ဖမ်းဆီးခံထားရသည့် သူများအား လွှတ်ပေးရန် တောင်းဆိုသည့် ထုတ်ပြန်ချက်တွင် ပါဝင်ရခြင်း ဖြစ်သည်ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌ ကိုတိုးတိုးအောင် နိရဥ္စရာသို့ပြောသည်။

“ အဓိကတော့ လူ့အခွင့်လူပ်ရှားသူတွေကို လွှတ်ပေးစေချင်ပါတယ်။ လှုပ်ရှားသူတွေကို အစိုးရကနေပြီးတော့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး  ဖမ်းဆီးတာကိုတွေ့ရတယ်။ ကျောင်းသားတွေကို လည်း ထိန်းသိမ်းဖမ်းဆီးထားတာတွေရှိတယ်။ ဒီဟာတွေကို ကန့်ကွက်ရှုတ်ချဖို့အတွက် ထုတ်ပြန်ချက်တွင် ပူးပေါင်းပါဝင်ရခြင်း ဖြစ်သည်” ဟု ပြောသည်။

ထုတ်ပြန်ချက်ထုတ်ရာတွင် ရခိုင်ပြည်နယ် အခြေစိုက် အဖွဲ့အစည်းအများအပြားပါဝင်နေပြီး ယင်းတို့အထဲတွင် Rakhine Woman Network၊ Rakhine Ethnic Congress၊ Arakan CSOs Network (ACS)၊ Rakhine Youth New Generation Network၊ Rakhine Youth New Generation၊ Mrauk-U Youths Association၊ Arakan Students Union၊ Min Bra Youth Association စသည့် အဖွဲ့များလည်း ပါဝင်သည်။

ဆက်စပ် သတင်းများ