သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ယောကျ်ားဖြစ်သူကို တပ်မတော်စစ်ကြောင်းတစ်ခုကဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရသည်မှာ ၅ လခန့်ရှိနေပြီဖြစ်သဖြင့် အသက်ရှင်လျက်ရှိ/မရှိသိလိုဟု ဇနီးဖြစ်သူပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု အလယ်ကျွန်းကျေးရွာမှ ကိုကျော်လွင်ဖြိုး (ခ)ကိုကျော်ဆွေ အသက် (၃၁) နှစ်အား တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့သော ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ချိန်အထိ အဆက်အသွယ်မရရှိသဖြင့် အသက်ရှင်လျက် ရှိ/မရှိ သိရှိလိုသည်ဟု ဇနီးဖြစ်သူ မနီနီမော်က ပြောသည်။

“နတ်မော်ကျေးရွာက သူ့အစ်ကိုသည်အိမ်ကို ခဏသွားပြီးတော့ ပြန်လာတဲ့အချိန်မှာလမ်းက တပ်မတော် သားတွေ ဖမ်းသွားတာပါ။  ဖမ်းတဲ့အချိန်မှာတော့ စစ်သား ၁ဝ ယောက်လောက်ပါတယ်။ ဖမ်းသွားတာကို ကျမ ကိုယ်တိုင်မြင်လိုက်ပါတယ်” ဟု သူမကပြောသည်။

အဆိုပါနေ့က ကိုကျော်လွင်ဖြိုးအား ဖမ်းဆီးခေါ်ဆောင်သွားသူ တပ်မတော်သားများမှာ ဒါးလက်အုပ်စုတွင် စခန်းချနေသော ၆၆ တပ်မက ဖြစ်ကြောင်း၊ ၂ဝ၂ဝခုနှစ် သြဂုတ် ၁ဝ ရက် နံနက် ၁၁ နာရီအချိန်တွင် အလယ်ကျွန်းမှ အနောက်ရွာသို့ သွားသည့် ဆိပ်ကမ်းအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇနီးဖြစ်သူ မနီနီမော်က ဆက်လက်ပြောဆိုသည်။

“ လက်ရှိမှာ ကျွန်မတို့ မိသားစုက ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာနေထိုင်နေပါတယ်။ အခု လူလားမမြောက်သေးတဲ့ သားသမီး ၃ ဦးနှင့် အတူ နေထိုင်နေပါတယ်။ ယောကျ်ားမရှိတော့ အခက်အခဲပေါင်းစုံရှိပါတယ်။ ကျွန်မ ယောကျ်ားဖြစ်သူမှာ အသက်ရှင်လျက် ရှိ/ မရှိဆိုတာကို သိရှိလိုပါတယ်။ ကျေးဇူးပြုပြီး ကူညီကြပါ” ဟု သူမက ပြောသည်။

၎င်းနောက်ပိုင်း မနီနီမော်တို့ မိသားစုမှာ ရွာကနေ ထွက်ခွာလာခဲ့ပြီး မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်နေကြသည်ဟု သိရသည်။

အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကလည်း ကိုကျော်လွင်ဖြိုးအား ၆၆ တပ်မက ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မိသားစုဝင်များ၏ ပြောပြချက်အရ သိရှိရသည်ဟု ပြောသည်။

“၈ လပိုင်း ၁ဝ ရက်နေ့ကတည်းက သူကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ပြောတယ်။ မိသားစုတွေကတော့ အသက်ရှင်လျက် ရှိ/မရှိကို သိချင်နေကြတယ်။ တပ်မတော်လက်ထဲ သေဆုံးသွားပြီလို့ မိသားစုတွေက ထင်နေတာတွေလည်းရှိနေတယ် ” ဟု ကိုမျိုးလွင်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား ဆက်သွယ်မေးမြန်းခဲ့ရာ သူအနေဖြင့် မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

၄င်းအပြင် အလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့အား ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ဆက်စပ် သတင်းများ