ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်တွင် သုံးဘီးမောင်းသူကို တပ်မတော်ကဖမ်းဆီးရာမှပျောက်ဆုံးနေဟုမိသားစုများဆို၊ လူ့အခွင့်ရေးကော်မရှင်ကဖမ်းဆီး၍မရှိဟု အကြောင်းပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာမှ သုံးဘီးမောင်းသည့် ဦးကျော်စိုးဝင်း (၃၇) နှစ်ကို တပ်မတော် သားများက ၂ဝ၂ဝ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုများနှင့် မျက်မြင်များက ပြောဆိုထားသော်လည်း  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်က ဖမ်းဆီးထား၍ မရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ရခိုင်ပြည်နယ်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“အဲဒီကိစ္စကို ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းက လူ့အခွင့်ရေးကော်မရှင်ကို စာတင်ခဲ့ပါတယ်။ လူ့အခွင့်ရေး ကော်မရှင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကာကွယ်ရေးဝန်ကြီးကို ဖုန်းဆက်တယ်။ အဲဒီ သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးက လူ့အခွင့်ရေးကော်မရှင်ကို ဘယ်လိုအကြောင်းပြန်လဲဆိုတော့ ကျော်စိုးဝင်းကို ဖမ်းဆီးထားခြင်းမရှိဘူးလို့ အကြောင်းပြန်တယ်။ အဲဒီအကြောင်းပြန်ချက်အတိုင်း မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်ဆီက ကျွန်တော်တို့ ဆီကို လွန်ခဲ့တဲ့လက အကြောင်းပြန်ကြားစာရောက်လာတယ်။ ဖမ်းဆီးထားခြင်း မရှိဘူး ဆိုပြီးတော့ပေါ့။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် ယခုကဲ့သို့ ဖက်တစ်တစ်ဖက်ကို မေးမြန်းပြီး ငြင်းပယ်၍ မရကြောင်း၊ နစ်နာနေသူမိသားစုများဘက်ကိုလည်း သေချာမေးမြန်း စစ်ဆေးရန်လိုအပ်ကြောင်း၊ လက်ရှိတွင် မိခင်ဖြစ်သူမှာ ပူပင်သောကရောက်ပြီး ပျောက်ဆုံးနေသည့် သားဖြစ်သူပြန်အလာကို မျှော်လင့်နေကြောင်း ဦးမြတ်ထွန်း ပြောဆိုသည်။

ဦးကျော်စိုးဝင်း၏ မိခင်ဖြစ်သူ ဒေါ်စိန်လှဖြူ (ခ)ဘားမချေက သူ့မ၏ သားဖြစ်သူအား တပ်မတော်သားများက ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က ကျောက်တော်မြို့ပေါ်သို့ အိမ်ဆောက်ရန် ပစ္စည်းများ သွားဝယ်စဉ် ဖမ်းဆီးသွားခဲ့သည်ဟု နိရဥ္စရာသို့ပြောဆိုသည်။

“ကျွန်မသားလေးက သုံးဘီးမောင်းပြီး အသက်မွေးဝမ်းကျောင်းနေတာပါ။ တခြားလယ်လုပ်ပါတယ်။ အခု ကျွန်မသားလေးနဲ့ အဆက်သွယ်လည်း မရဘူး။ သေမှန်းလည်းမသိ၊ ပျောက်မှန်းလည်း မသိဘူး။ ကျွန်မ အရမ်းခံစားရတယ်။ အခုလိုပြောရင် ငိုချင်တယ်။ ကျွန်မသား အခုထိလည်း လွတ်မလာသေးဘူး။ ပြန် လွတ်စေချင်ပါတယ်။ ကျွန်မသားကို ဖမ်းသွားတာကို ကားဂိတ်က လူတွေလည်း အကုန်လုံးမြင်ပါတယ်။ စစ်သားတွေက သူ့ကို ရိုက်ပြီး ကားနဲ့ ခေါ်သွားတာပါ” ဟု ဒေါ်စိန်လှဖြူ (ခ)ဘားမချေက ပြောသည်။

သားဖြစ်သူ ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့တွင် အခြေစိုက်သည့် ရခိုင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ထံသို့ ဧပြီလအတွင်းက သွာရောက်တိုင်ကြားခဲ့ကြောင်း သူမက ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာမှ သုံးဘီးမောင်းသည့် ဦးကျော်စိုးဝင်းသည် တရွာတည်းနေ ဦးထွန်းအောင်သိန်းနှင့်အတူ  ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က ကျောက်တော်မြို့ပေါ်သို့ အိမ်ဆောက်ရန် ပစ္စည်းများ သွားဝယ်စဉ် ကျောက်တော်မြို့ရှိ သုံးလမ်းဆုံ ကားဂိတ်တွင် တပ်မတော်သားများက ဦးကျော်စိုးဝင်းအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းကို အတူလိုက်သွားခဲ့သူ ဦးထွန်းအောင်သိန်းက ပြောသည်။

“ကျွန်တော်နဲ့ ကျော်စိုးဝင်းက ကျောက်တော်က အိမ်ဆောက်ပစ္စည်းတွေသွားဝယ်တာ။ အဲဒီမှာ ကျောက်တော်မြို့ သုံးခွဆုံ ကားဂိတ်ကိုရောက်တော့ စစ်သားတွေ ရှိတယ်။ ဘယ်သူမှ ဖြတ်မသွားရဲဘူး အဲဒီနားက။ ကျွန်တော်တို့လည်း စစ်သားတွေရှိတယ်ဆိုပြီးတော့ အဲဒီအနားမှာ သုံးဘီးကို ရပ်လိုက်တယ်။ ပြီးတော့ ဆိုင်တစ်ဆိုင်မှာ ကွမ်းဝယ်စားတယ်။ ခဏစောင့်ကြည့်ပြီး သွားတော့မယ်ဆိုပြီး သုံးဘီးပေါ်ကို နှစ်ယောက်တက်ကြတယ်။ ကျော်စိုးဝင်းက ရှေ့က မောင်းတာ၊ ကျွန်တော်က အနောက်က သုံးဘီးပေါ်မှာ ထိုင်တာ။ အဲဒီမှာ မောင်းမလို့ စက်နှိုးနေတုန်း စစ်သားနှစ်ယောက်က လာပြီး ဘာမှမမေးဘဲ ကျော်စိုးဝင်းကို လည်ပင်းကို သေနတ်ပေါင်နဲ့ ရိုက်တယ်။ ဘာဆိုဘာမှ မမေးဘူး။ ရိုက်တော့ ကျော်စိုးဝင်းက သူကဘာမှ မဟုတ်ဘူး၊ ရိုးရိုးသားသား လုပ်စားနေတာပါလို့ ပြောပါတယ်။ ဒါပေမယ့် စစ်သားတွေက ဘာမှပြန်မပြောဘူး။ သူ့ကို တိတ်နဲ့ လက်တွေကို ချည်ပြီး ခေါ်သွားတယ်။ ကျွန်တော်လည်း ကြောက်ပြီး ဘာမှပြန်မပြောဘဲ ကြည့်နေခဲ့ပါတယ်” ဟု ပြောသည်။

ယင်းနောက် တပ်မတော်သားများက ၄င်းတို့၏ ကားပေါ်၌ ဦးကျော်စိုးဝင်းအား တင်ဆောင်ကာ ကျောက်တော်မြို့ရှိ ကစ္စပနဒီတံတားဘက်သို့ မောင်းနှင်ပြီး ထွက်သွားကြောင်း ဦးထွန်းအောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ အနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ရရှိရန် တိုင်ကြားသည့် အမှုများ အပေါ် ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခြင်း မရှိဘဲ တစ်ဖက်သတ် အကြောင်းပြန်ကြားနေမှုများမှာ စိတ်ပျက်စရာကောင်းကြောင်း  ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ယခုကဲ့သို့ ပြောသည်။

“ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပြသနာတွေအပေါ်မှာ ဥပဒေကပေးထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ လုပ်ဆောင်ခဲ့တာ မရှိဘူး။ တိုင်ကြားစာတွေ ပို့ပေးလိုက်တာကို သက်ဆိုင်ရာဝန်ကြီးဌာနကို မေးတယ်။ ဒီလိုပြောပါတယ်ဆိုတဲ့ ပြန်ဖြေတဲ့ အဆင့်ပဲ ရှိတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသူများနှင့် ပတ်သက်ပြီး တိုင်ကြားစရာ အဖွဲ့အစည်း မရှိဖြစ်နေသည်ဟု ဆိုသည်။

“ကျော်စိုးဝင်းကို ဖမ်းသွားတဲ့နေ့က ပိုက်သည်ရပ်ကွက်ကတစ်ယောက်ကိုလည်း ဖမ်းသွားသေးတယ်။ အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာဌာန၊ ကော်မရှင်တွေကိုလည်း အကြောင်းကြားတာတွေရှိတယ်။ ဒါတွေပြောတိုင်းကို အမျိုးသားလူ့အခွင့်ရေးကော်မရှင်က တပ်ကို လှမ်းမေးတယ်။ တပ်က ဖမ်းသွားတယ်ဆိုတဲ့ကိစ္စကို တပ်ကိုမေးတော့ တပ်က ဖြေတဲ့အဖြေနဲ့ လမ်းဆုံး နေသလို ဖြစ်နေတယ်။ ဒါတွေကတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ သမာသမတ်မကျမှုကို ဖော်ပြတဲ့ ပုံစံ တစ်မျိုး ဖြစ်နေတယ်ပေါ့နော်” ဟု ဦးဦးထွန်းဝင်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ပျောက်ဆုံးနေသူ ဦကျော်စိုးဝင်းမှာ အသက် ၁ဝ နှစ်အရွယ်နှင့် တစ်နှစ်အရွယ် သမီးနှစ်ဦးအပါအဝင် ဇနီးတစ်ဦးတို့ရှိကြောင်း သိရသည်။

(ဓာတ်ပုံ- ပျောက်ဆုံးနေသူ ဦးကျော်စိုးဝင်း)

ဆက်စပ် သတင်းများ