ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် Power China ကုမ္ပဏီက ချောင်းကိုပိတ်ကာ လျှပ်စစ်ထုတ်စက်ရုံတည်ဆောက်နေမှု ပွင့်လင်းမြင်သာစွာချပြရန် ဒေသခံများလိုလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာတွင် Power China ကုမ္ပဏီက ချောင်းကိုပိတ်ကာ လျှပ်စစ်ထုတ်စက်ရုံတည်ဆောက်နေမှုကို ပွင့်လင်းမြင်သာစွာချပြရန် ဒေသခံများလိုလားနေကြသည်။
ထိုစက်ရုံကို အုန်းတောကျေးရွာ၏ လယ်ဧက ၄၄ ဧက ကွင်းပြင်ကျယ်တွင် ကျောက်ဖြူချောင်းအား မြေဖို့ကာ Power China ကုမ္ပဏီက ယခုနှစ်အစောပိုင်းမှစတင်ကာ ၂ နှစ်အတွင်း အပြီးတည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့တည်ဆောက်ရာတွင် ကျောက်ဖြူချောင်းကိုပိတ်ဆို့ထားမှုကြောင့် မိုးရာသီတွင် ရေလွှမ်းမိုးလို့ရှိပါက လယ်၊ ကိုင်း၊ ရွာတို့ မမြုပ်သွားရအောင် စီစဉ်ပေးရန်၊ စီမံကိန်းတည်ဆောက်နေသည့်မြေသည် ရွာမြေထက် ၈ ပေခန့်မြင့်သဖြင့် မိုးရွာသည့်အချိန်တွင် ရေထိန်းနံရံများပြိုကျပြီး အနည်အနစ်များ ရွာကို လွှမ်းမိုးမှုမရှိအောင်ဆောင်ရွက်ပေးရန်၊ ထိုစီမံကိန်းတွင် ရေဆိုးရေညစ်များကို မည်သို့မည်ပုံစွန့်ပစ်မည်ကို ဒေသခံများအား ရှင်းရှင်းလင်းလင်းချပြရန်၊ စီမံကိန်း၏ အထက်လမ်းတွင်ရှိသည့် ရွာလမ်းသည် မြေနိမ့်နေပြီဖြစ်သောကြောင့် ရွာလမ်းမှ ရေဝင်ပြီး ရွာလယ်တွင်ချောင်းဖြစ်သွားမည်ကို စိုးရိမ်ပြီး ရေမဝင်လာစေရန် လုပ်ပေးရန်အချက်များအပါအဝင် အချက် ၆ ချက်ကို လိုလားနေသည်ဟု ဒေသခံများက ပြောသည်။
အုန်းတောရွာဒေသခံ ကိုထွန်းဝင်းစိုးက “ကျနော်တို့ရွာတစ်ခုခုပျက်စီးလာဖို့၊ ထိခိုက်လာဖို့ဆိုရင်တော့ ထပ်ပြီးရှေ့တိုးဆွေးနွေးသွားမယ်။ ကျနော်တို့ပြောသင့်ပြောထိုက်တဲ့ စကားလုံး အချက် ၆ ချက်ကတော့ ကျနော်တို့ဖြစ်ချင်တဲ့ဆန္ဒပါပဲ။ ဖြစ်ချင်တာကတော့ သူတို့လုပ်တဲ့စီမံကိန်းကို လုပ်ပါ။ ကျနော်တို့မကန့်ကွက်ပါ၊ ကျနော်တို့မတားဆီးပါ။ သို့သော် သူတို့စီမံကိန်းကြောင့် ကျနော်တို့ရွာကို မထိခိုက်စေချင်ပါဘူး။ အဲဒါကတော့ အဓိကလိုလားပါတယ်” ဟုပြောသည်။
အဆိုပါအချက်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် Power China ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အုန်းတောဒေသခံများတွေ့ဆုံစဉ် တောင်းဆိုခဲ့သည်ဟုလည်း ပြောသည်။
ယင်းသို့တောင်းဆိုချက်များနှင့်ပတ်သက်ပြီး Power China ကုမ္ပဏီဘက်က ၎င်းတို့၏ရေဆိုးရေညစ်များကို မထုတ်ဘဲ ရေချိုကန်ထားရှိသွားမည်ဖြစ်ပြီး ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အားကို စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူသုံးစွဲနိုင်ရန် ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး Power China ကုမ္ပဏီကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ကျောက်ဖြူချောင်းအား ပိတ်ဆို့ကာ ယခုကဲ့သို့ စက်ရုံတည်ဆောက်နေသည့်အတွက် ကျောက်ဖြူချောင်းတစ်လျှောက်ရှိ အုန်းတော၊ ကုန်းဘောင်၊ ဆိပ်ချောင်းပြင်ကျေးရွာများနှင့် ဒေသခံများ၏ လယ်ယာမြေများ၊ ချောင်းထဲရှိ ငါး၊ ပုဇွန်များ ပျက်စီးဆုံးရှုံးသွားမည်ကို ဒေသခံများက စိုးရိမ်ကြောင့်ကြနေကြခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကလည်း ကျောက်ဖြူချောင်းအား ပိတ်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်ပြင်ဆင်နေမှုကို လုံးဝ ကန့်ကွက်သည်ဟု ဆိုသည်။
“ဒေသခံတွေ သဘာဝအတိုင်းလာတဲ့ကျောက်ဖြူချောင်းရေကိုလည်း ပုံမှန်နေရာရရှိရေးအတွက် ပြန်လည်ဖော်ဆောင်ပေးဖို့နဲ့ ဒေသခံတွေကို ဦးစားပေးပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ကို ပြောချင်ပါတယ်။ အညစ်အကြေးများ စွန့်ပစ်ဖို့ကိုလည်း ဒေသခံတွေကို ခေါ်ယူရှင်းပြပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်”ဟု ပြောသည်။
စက်ရုံတည်ဆောက်နေသည့် အုန်းတောကျေးရွာတွင် အိမ်ခြေ ၅၁၀ ခန့်နှင့် လူဦးရေ ၂ ထောင်ခန့်ရှိပြီး လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည်ဟု သိရသည်။
ဓာတ်ပုံ - ဦးဖိုးစံ

ဆက်စပ် သတင်းများ