သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လုံခြုံရေး အကွက်ကျကျစီစဉ်ထားဟုပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.8k

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၆/၂ဝ၁၉

ရခိုင်ပြည်နယ်၏ လုံခြုံရေးကို အကွက်ကျကျ စီစဉ်ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ဒုပြည်နယ်ရဲမှူး မောင်မောင်စိုးက ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်သို့မဟုတ် ၂၆ ရက်၊အောက်တိုဘာလ ၁၆ ရက်နေ့ သို့မဟုတ် ၂၆ ရက်နေ့တွင် နေပြည်တော် ကောင်စီ နယ်မြေ၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖောက်ခွဲမှု ပြုလုပ်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးနိုင်ငံရေးနှင့် လုံခြုံရေးဌာန ကြီးညွှန်ကြားရေးမှူးချုပ်နိုင်ဆွေဦးမှ လုံခြုံရေး ဂရုပြုရန် ညွှန်ကြားချက်အပါအဝင် အမေရိကန်သံရုံးမှ သူ့နိုင်ငံသားများ လုံခြုံရေး သတိရှိရန် ယနေ့တွင် စာထုတ်ပြန်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

“လုံခြုံရေးကတော့ ကျွန်တော်တို့က၊ ဘယ်လိုခေါ်မလဲ။အကွက်ကျကျ လုပ်ထားတာပဲဗျာ။အကွက်ကျကျ နင်းထားတာပဲပေါ့။ လုံခြုံရေးကတော့ လျို့ဝှက်ကိစ္စဖြစ်တယ်ဆိုတော့ လုပ်ရမယ့် လုပ်ငန်းစဉ်အတိုင်း လုပ်ထားတာပေါ့နော်” ဟု ဒုပြည်နယ်ရဲမှူး မောင်မောင်စိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလထဲတွင် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အားလုံးကို လုံခြုံရေးအထူးဂရုပြုရန် နိုင်ငံတော်သမ္မတရုံး၊နိုင်ငံရေးနှင့်  လုံခြုံရေးဌာနကြီးက စက်တင်ဘာလ ၁၆ ရက်နေ့က လျို့ဝှက် အကြောင်းကြားခဲ့သည့်စာမှာ လူမှုကွန်ယက်စာမျက်နာများတွင် ပျံ့နှံ့လျက်ရှိနေသည်။

ထိုအကြောင်းကြားစာထဲတွင် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်၊ထဆောင်ယန်းမြို့နယ်၊မယ်လ(ခ)ဘဲကလော့ ဒုက္ခသည်စခန်းအနီး ၊ဗိုလ်မှူးဂျော်စခန်းကုန်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော CNF၊ KNU၊ (AA၊KIA-စိစစ်ဆဲ) တို့မှ အဖွဲ့ဝင် ၂ဝ ဦးသည် အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ပါရှိသည်။

စက်တင်ဘာလ ၁၆ ရက်သို့မဟုတ် ၂၆ ရက်၊အောက်တိုဘာလ ၁၆ ရက်နေ့ သို့မဟုတ် ၂၆ ရက်နေ့တွင် နေပြည်တော် ကောင်စီနယ်မြေတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ရန် သတင်းရရှိကြောင်း ယင်းအကြောင်းကြားစာတွင် ပါရှိသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် KIA ၊ AA၊ TNLA နှင့် MNDAA  အဖွဲ့တို့ ထိတွေ့မှုများ ဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ အာရုံလွဲစေရန်နှင့် ဖိအားလျော့နည်းစေရန် ရည်ရွယ်ပြီး ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

ဖောက်ခွဲမှုပြုလုပ်ရန်အတွက် တာဝန်ခွဲဝေခြင်း၊လမ်းကြောင်းသတ်မှတ်ခြင်း၊နေ့ရက်အချိန် အတည်ပြုခြင်း၊ ဖောက်ခွဲရေးပစ္စည်း သယ်ယူပို့ဆောင်ရန် အတည်ပြုခြင်းတို့အား ဆွေးနွေးခဲ့ကြောင်းလည်း သတင်းရရှိသည့် အတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအားလုံးကို လုံခြုံရေးအထူးဂရုပြုရန် အကြောင်းကြားထားသည်ဟု ဖော်ပြထားသည်။

အမေရိကန် သံရုံးကလည်း ယနေ့စက်တင်ဘာလ ၂၆ ရက်နေ့က သတိပေးစာ တစ်စောင်ထုတ်ပြန်ထားပြီး ၎င်းစာထဲတွင်  ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ကြီးများကို  ဦးတည်ပြီး တိုက်ခိုက်မှုများ ဖြစ်လာနိုင်ချေရှိသဖြင့် လုံခြုံရေး သတိရှိရန် ပါရှိသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် လုံခြုံမှုအတွက် ပြင်ဆင်ထားကြရန်၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ဆက်သွယ်ရာတွင် အစိုးရရုံးများ၌ သတိရှိရန်၊ဒေသတွင်း သတင်းမီဒီယာများအပေါ် နောက်ဆုံးရသတင်း အချက်အလက်များကို နားစွင့်ရန်၊မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများအား သတိပေးထားရန်  စသည့် အချက်အလက်များကို အလေးပေး  ထည့်သွင်းနှိုးဆော်ထားသည်။

ရက္ခိုင့်တပ်တော် (AA) အပါအဝင် KNU၊ CNF တို့၏ တာဝန်ရှိသူများမှ အဆိုပါ သတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ် သတင်းများ