စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမ်းဓါတ်အားခွဲရုံအတွင်း မီးလောင်မှုဖြစ်ပွား၍ အမ်းနှင့် အနီးအနားမြို့အချို့တွင်လျှပ်စစ်မီးပြတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဇာဒီမော်ဓါတ်အားခွဲရုံအတွင်း ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့သည့် အတွက် ယင်းဓါတ်အားခွဲရုံမှ လျှပ်စစ်မီးပေးသည့် အမ်းမြို့နယ် အပါအဝင် မြို့အချို့တွင် မီးပြတ်နေကြောင်း သတင်းရရှိသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်က ဇာဒီမော်ဓါတ်အားခွဲရုံမှ ပေါက်ကွဲသံ တစ်ခုကြားရပြီးနောက် လျှပ်စစ်မီး ပြတ်သွားခြင်းဖြစ်ကြောင်း အမ်းမြို့မှ ကိုသက်လင်းအောင်က ပြောသည်။
“ဒီနေ့ မနက်အရုဏ်ပိုင်းလောက်က အဲဒီက ပေါက်ကွဲသံ တစ်ခု ကြားလိုက်ရတယ်။ နောက်စုံစမ်း လိုက်တော့ ဓါတ်အားခွဲရုံကပေါ့နော်။ အဲဒီမှာ လျှပ်စစ်ကြိုးတွေဘာတွေ ပြတ်သွားတော့ ဇာဒီမော်ရွာနားက နွားနှစ်ကောင်က အဲဒီကြိုးနဲ့ ငြိပြီး ဓါတ်လိုက်ပြီးသေသွားတယ်။ လူတွေတော့ ဘာမှမဖြစ်လိုက်ပါဘူး။ အဲဒီဓါတ်အားခွဲရုံက ဇာဒီမော်ရွာကိုသွားတဲ့လမ်းမှာ ရှိတာပါ” ဟု ပြောသည်။
မီးလောင်မှုအား စတင်လောင်ပြီး မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း ဇာဒီမော်ဓါတ်အားခွဲရုံမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခိုင်စိုးက ပြောသည်။
“အခုလောလောဆယ်က ပြုပြင်နေဆဲပါ။ အခုတော့ အန္တရာယ်မရှိတော့ပါဘူး။ လူလည်း အထိအခိုက်မရှိပါဘူး။ 230/33/11 KV ဓါတ်အားခွဲရုံအတွင်းမှာ ဆီယိုစိမ့်မှုဖြစ်ပြီးတော့ မီးလောင်ကျွမ်းမှုဖြစ်သွားတာပါ။ မီးကတော့ သိပ်အများကြီးလောင်တာ မဟုတ်ပါဘူး” ဟု ပြောသည်။
အဆိုပါ ဓါတ်အားခွဲရုံကို ပြုပြင်နေဆဲဖြစ်သည့်အတွက် လက်ရှိတွင် အမ်းမြို့၊ တပ်တောင်မြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အမ်းမြို့နယ်တွင်း အပါအဝင် မြေပုံမြို့နယ် ကမ်းထောင်းကြီးတို့တွင် မီးပြတ်နေကြောင်း သူက ဆက်ပြောသည်။
ထိုဓါတ်အားခွဲရုံအား ပြုပြင်ရန် ၃ ရက်ခန့် ကြာမည်ဟု ၄င်းက ပြောသည်။

ဆက်စပ် သတင်းများ