စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးအောက်စီဂျင်စက်ရုံ လျှပ်စစ်မီးပြတ်တောက်နေ၍ အောက်စီဂျင်မထုတ်လုပ်နိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.9k

အေးမြတ်ခိုင်

နိရဥ္ဇရာ၊ သြဂုတ်လ ၄/၂၁

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မြောက်ဦးအောက်စီဂျင်စက်ရုံ ရပ်နားထားရသည်ဟု သတင်းရရှိသည်။

ထိုသို့ရပ်နားထားရသဖြင့်  အောက်စီဂျင်ပေးထားရသောကိုဗစ်လူနာများအတွက် အောက်စီဂျင် အခက်ခဲရှိလာနိုင်သည်ဟု နန်းရိပ်ဂရုဏာအောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့ဥက္ကဌဦးမောင်ဝင်းရွှေက နိရဥ္ဇရာသို့ ပြောသည်။

မနေ့က ညနေ(၆)နာရီကနေ မီးပြတ်တာ အောက်စီဂျင်စက်ရုံကတော့ အခုနားထားရတယ်။ မီးပြတ်တာနဲ့ ပတ်သတ်ပြီးဘာထုတ်ပြန်ချက်မှပြောထားတာမျိုးတော့မရှိဘူး။ အခုတော့ ပြင်တော့ပြင်နေကြတယ်လို့ပြောတယ်။ အောက်စီဂျင်က လောလောဆယ် ဆေးရုံက တာဝန်ရှိသူတွေနဲ့မြို့နယ်ကတာဝန်ရှိသူတွေ စစ်တွေပြည်နယ်ကောင်စီက (၁၀)လုံးလောက် သွားယူထားတယ်။ မြောက်ဦးမှာ ပြင်းထန်တဲ့လူနာက ၈ ယောက်လောက်ရှိတယ်။ အဲ့ဒီ (၁၀)လုံးနဲ့မျှသုံးနေရတဲ့အခြေနေပေါ့ ညနေပိုင်းလောက်ဆိုရင်ကုန်လောက်တယ်။ နေ့လယ်လောက်တော့ မီးပြန်ရနိုင်လောက်ပါတယ်ဟု ပြောသည်။

မြောက်ဦးမြို့တွင် မနေ့က သြဂုတ်လ (၃)ရက်နေ့ ညနေ (၆)နာရီလောက်ကနေ လျှပ်စစ်မီး ပြတ်တောက်နေတာဖြစ်ပြီး အခု နေ့လယ် (၁)နာရီခွဲအချိန်ထိ မီးမရရှိသေးသည့်အတွက် အောက်စီဂျင်ပေးထားရသောလူနာများအတွက် စစ်တွေမှအောက်စီဂျင် (၁၀)လုံးလောက်ယူထားရကြောင်း ၎င်းက ပြောဆိုသည်။

ညနေ (၄)နာရီလောက် မီးပြန်ရနိုင်ကြောင်း မြောက်ဦးဓာတ်အားခွဲရုံမှူးဦးခင်မောင်ဦးက မနေ့ကညနေက ဓာတ်အားလိုင်းက လိုင်းတင်မရတာပေါ့ဗျာ။ တင်မရတော့ ကျွန်တော်တို့အဖွဲ့တွေက ၂၇ မိုင်လောက်မှာ ဖြစ်တယ်လို့ သတင်းရတော့ လိုင်းလိုက်စစ်နေကြပါတယ်။ ပုံမှန်က လိုင်းအဆုံးဆိုရင် ၂ နာရီကျော် ၃ နာရီလောက် ဆိုရောက်ပါတယ်။ အခုစစ်ဖြစ်ထားတဲ့နေရာတွေဆိုတော့ လိုင်းမစစ်ရတာ ၂နှစ်ကျော်သွားတဲ့အခါကျတော့ တိုင်ပေါ်မှာလည်းချုံတွေတအားထူနေတဲ့အပြင် တော တအား တိုးနေရတာပေါ့။  ရဲရဲကိုမနင်းရဲကြဘူး ခရီးမပေါက်ဘူးပေါ့လေ။ ဒီနေ့ ညနေ ၄နာရီလောက်တော့ ပြန်ရနိုင်ပါတယ်ဟု ပြောသည်။

မြောက်ဦးမြို့အောက်စီဂျင်စက်ရုံသည် မြောက်ဦးဆရာတော်ဘုရားကြီးဦးစီးဦးဆောင်ကာ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသောစက်ရုံဖြစ်သည်။

နိုင်ငံတော် ဓာတ်အားလိုင်းက လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် အောက်စီဂျင်ထုတ်လုပ်ရန်  မီးစက်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း မီးအားလိုက်မမှီ၍ရပ်တန့်ထားခဲ့ရကြောင်း၊ ဆေးရုံမှလူနာများ အတွက် စိုးရိမ်ပူပန်မိကြောင်း နန်းရိပ်ဂရုဏာအောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့ facebook စာမျက်နှာတွင် ရေးသားထားပါသည်။

ဆက်စပ် သတင်းများ