သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ ရခိုင်မှ မြို့နယ် ၃ ခုတွင် ၈ နာရီကြာ လျှပ်စစ်မီးပြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၁
ရခိုင်မှ မြို့နယ် ၃ ခုဖြစ်သော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့တို့တွင် ၈ နာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ၃ မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရန်ရှိသည့်အတွက် စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဟု ဘူးသီးတောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ခင်က ပြောသည်။
"ကြိုးကဒဏ်ရာရနေလို့ ပြုပြင်ဖို့ရှိတယ်။ ပုဏ္ဏားကျွန်းကနေ ရသေ့တောင်သွားတဲ့ကြိုးပေါ့နော်။ အဲဒီကြိုးက နာနေတာဗျ။ ကြိုးရဲ့အလုံးတွေ အကုန်ပြတ်ကုန်တာ။ စတီးကြိုးပဲကျန်တော့တယ်။ အဲဒါကိုပြင်မှာဗျ။"ဟု ပြောသည်။
ပြုပြင်ရမည့်ကြိုးတည်နေရာမှာ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးတွင်ရှိပြီး မည်သည့်အတွက်ကြောင့် ကြိုးဒဏ်ရာရသွားသည်ကို မသိရသေးဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမဟာဓာတ်အားလိုင်းတာဝန်ခံ ဦးသိန်းရွှေက ပြောသည်။
"ဘယ်အချိန်ကတည်းကဖြစ်နေတာလဲ မသိဘူး။ အခုမှ စစ်ဆေးလို့တွေ့တော့ ပြင်ဖို့လုပ်တာ။ ကြိုးရဲ့လက်ရှိအခြေနေက ဒီတိုင်းထားရင်ပြတ်ကျနိုင်တယ်။ ပြတ်ရင်တော့ တစ်ပတ်လောက်မီးပြတ်မဲ့အခြေအနေရှိတယ်။ မပျက်ခင် အရေးပေါ်အနေနဲ့ပြင်ရမှာပေါ့လေ။"ဟု ပြောသည်။
ပြုပြင်ရာတွင် အခြားအခက်ခဲမရှိလျှင် တစ်ရက်တည်းနှင့်ပြီးစီးနိုင်သလို အခြေနေကောင်းလျှင် သတ်မှတ်ချိန်ထက် စော၍ ပြုပြင်ပြီးစီးနိုင်မည်ဟုလည်း ဆိုသည်။
ဓာတ်ပုံ - Thein Shwe

ဆက်စပ် သတင်းများ