ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဆိုလာစက်ရုံမှ မီးရာနှုန်းပြည့်မရတော့၍ မာန်အောင်တွင် ဒီဇယ်မီးစက်ဖြင့် လျှပ်စစ်မီးပေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

နှင်းနွယ်နီ

နိရဥ္စရာ၊ စက်တင်ဘာ ၂၂/ ၂၀၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့တစ်မြို့လုံးကို လျှပ်စစ်မီးပေးနေသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံတွင် လျှပ်စစ်မီး 320kw အစား 250kw အထိသာထုတ်လုပ်နိုင်တော့၍ ဒီဇယ်မီးစက် ၂ လုံးဖြင့် လျှပ်စစ်မီးပေးနေရကြောင်း သိရသည်။

အဆိုပါဆိုလာစက်ရုံကို မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအနီးတွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ မာန်အောင်မြို့ပေါ်ရပ်ကွက် (၅)ခုအပါအဝင် ခအုံးမော်ကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့ကို ၂၄ နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လျှပ်စစ်မီးစတင်ဖြန့်ဖြူးပြီးနောက် ၇ လအကြာတွင် ပစ္စည်းအချို့ ချို့ယွင်းပျက်စီးသွားသည့်အတွက် ပြန်ပြုပြင်ခဲ့ရာ နောက်ပိုင်းတွင် ဆိုလာဖြင့် ၆၀ ရာနှုန်းအထိသာပေးနိုင်တော့သည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဇော်ဇော်လွင်က နိရဥ္စရာကို ပြောသည်။

၅ လလောက်ပျက်သွားပြီးတော့ ကိုးရီးယားတွေက လာပြင်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ပြီးတော့ ကောင်းသွားတာပေါ့။ ကောင်းတယ်ဆိုပေမဲ့ အရင်လိုတော့ မကောင်းတော့ဘူးပေါ့၊ အပြည့်အဝ မသုံးနိုင်တော့ဘူးပေါ့။ အရင်တုန်းကတော့ ရာနှုန်းပြည့် သုံးနိုင်တာပေါ့။ 320kw ထိပေးနိုင်တာပေါ့။ အခုကတော့ 250kw ထိတောင်မရတော့ဘူး။ 200kw ကျော်ကျော်လောက်ပဲရတော့တယ်။ ဒါတောင် နေပူတဲ့အချိန်။ မိုးရွာရင်တော့ မရဘူးပေါ့။ တစ်မြို့လုံးအတွက်လိုတာက 750kw အထိလိုတယ်လေဟု ပြောသည်။

ယင်းကဲ့သို့ ဆိုလာစက်ရုံမှ လျှပ်စစ်မီးရာနှုန်းပြည့်မပေးနိုင်တော့၍ မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာ (၄)ရွာကို ဒီဇယ်မီးစက် ၂ လုံးဖြင့် နံနက် ၅ နာရီမှ နံနက် ၉ နာရီထိ တစ်ကြိမ်နှင့် ညနေ ၅ နာရီခွဲမှ ည ၁၁ နာရီအထိ တစ်ကြိမ်၊ တစ်နေ့တွင် (၂)ကြိမ်ပေးနေသည်ဟု ဆိုသည်။

လက်ရှိတွင် ကိုဗစ်အရေးပေါ်ကာလဖြစ်သည့်အတွက် ဒီဇယ်မီးစက်တစ်လုံးဖြင့် ရပ်ကွက်များကို နေ့လယ်ခင်းများတွင် အလှည့်ကျပေးနေသေးသည်ဟုလည်း ဦးမင်းဇော်ဇော်လွင်က ပြောသည်။

မြို့နယ်လျှပ်စစ်ဌာနက မီးမပေးသည့်အချိန်များတွင် မာန်အောင်ဆေးရုံအတွင်း အောက်ဆီဂျင်ပေးရမည့်သူများရှိပါက လိုအပ်သည့်လျှပ်စစ်မီးကို မာန်အောင်နာရေးကူညီမှုအသင်းနှင့် မေဃကရုဏာလူမှုရှင်သန်းရေးအဖွဲ့တို့က အလှည့်ကျထောက်ပ့ံပေးထားရသည်ဟု သိရသည်။

မေဃကရုဏာလူမှုရှင်သန်းရေးအဖွဲ့မှ ကိုထက်နိုင်က မီးပြတ်သွားတဲ့အချိန် ဆေးရုံမှာအောက်ဆီဂျင်ပေးနေရတဲ့သူရှိတယ်ဆိုရင် မီးစက်နှိုးပေးရတာပေါ့။ မီးစက်ကတော့ ဆေးရုံကမီးစက်ပါ။ ကျနော်တို့အဖွဲ့နှစ်ခုက တစ်ယောက်တစ်လှည့်စီ ဆီထောက်ပံ့ပေးထားပါတယ်။ဟု ပြောသည်။

မာန်အောင်တွင် ယခုကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီမသုံးစွဲနိုင်၍ ကိုဗစ်ကာလတွင် အွန်လိုင်းမှ ပညာသင်ကြားနေသူများအနေဖြင့်လည်း ဖုန်း၊ ကွန်ပျူတာ ဘက်ထရီအားများမရှိလျှင် သင်တန်းတက်ရာ၌ အဆင်မပြေဖြစ်ကြကြောင်း မာန်အောင်မြို့ခံ ကိုခန့်ဝေလင်းက ပြောသည်။

များသောအားဖြင့် ပညာရေးက အပြင်မှာ Face to Face ဆိုတာထက် အွန်လိုင်းကနေပြီးတော့ သင်တာတွေများပါတယ်။ အဲတော့ ကွန်ပျူတာအားတို့၊ ဖုန်းအားတို့မရှိရင် အဆင်မပြေဘူးပေါ့နော်။ ဖြစ်နိုင်ရင် တစ်ခြားဒေသမှာရသလို ၂၄ နာရီပြည့်ပြည့်ဝဝရစေချင်တယ်ဟု ပြောသည်။

ပင်လယ်ပြင်အတွင်း သီးခြားတည်ရှိသည့် မာန်အောင်မြို့ကို လျှပ်စစ်မီးရရှိစေရန် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစက်ရုံအား ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော Posco Daewoo ကုမ္ပဏီက မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအနီးတွင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် အဆိုပါစက်ရုံမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ထုတ်လွှတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစက်ရုံမှ လျှပ်စစ်မီးထုတ်လွှတ်နိုင်သည့်အထိမ်းအမှတ်အဖြစ် စက်ရုံဖွင့်ပွဲကိုလည်း ယင်းနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ယင်းအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့သေးသည်။

ရခိုင်ပြည်နယ်ရှိ မြို့ ၁၇ မြို့ရှိသည့်အနက် ၁၆ မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရနေသော်လည်း မာန်အောင်မြို့တစ်ခုတည်းတွင်သာ ၂၄ နာရီ လျှပ်စစ်မီးမရသေးခြင်းဖြစ်သည်။

ဓာတ်ပုံ - မာန်အောင်ရှိ ဆိုလာစက်ရုံတစ်နေရာအားတွေ့ရစဉ်။

 

ဆက်စပ် သတင်းများ