ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မာန်အောင်ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး၂၄ နာရီပေးမည်ဆိုပါက ကျပ်ဘီလီယံ ၃ဝနှင့်အထက်ကုန်ကျနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၂၅ / ၂ဝ၂၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တစ်ခုလုံးကို မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီပေးမည်ဆိုပါက ကျပ်ဘီလီယံ ၃ဝ နှင့်အထက်ကို ကုန်ကျနိုင်မည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းဇော်ဇော်လွင်က ပြောသည်။
သီးသန့်ကျွန်းမြို့တစ်မြို့ဖြစ်သည့် မာန်အောင်မြို့နယ်တစ်ခုလုံးကို မဟာဓာတ်အားလိုင်းမှပေးမည်ဆိုပါက ပင်လယ်ရေအောက်မှ လိုင်းဆွဲရမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဘတ်ဂျက်ငွေအမြောက်အများကုန်ကျနိုင်မည်ဟု သူက ဆိုသည်။
“၂၄ နာရီမီး ရဖို့ကတော့ ဒီဇယ်မီးစက်နဲ့ကတော့ မလွယ်ဘူး ခင်ဗျ။ ၂၄ နာရီရဖို့အတွက် မဟာဓာတ်အားလိုင်းဝင်မှပဲရမယ်ပေါ့။ ဆိုလာမီးကလည်း ၂၄ နာရီမပေးနိုင်ဘူး။ နေရောင်ခြည်ရတဲ့အချိန်ပဲပေးနိုင်တယ်။ ညဖက်ဆိုရင် မပေးနိုင်တော့ဘူး။ ၂၄ နာရီမီးရဖို့အတွက် မဟာဓာတ်အားလိုင်းဝင်မှပဲ ၂၄ နာရီရမယ်ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ မဟာဓာတ်အားလိုင်းဆွဲမယ်ဆိုရင် ပင်လယ်ရေအောက်ထဲက ဆွဲရမယ်လေ။ ဘီလီယံ ၃၀ ဘီလီယံ အထက်ကုန်မှာပေါ့။” ဟုပြောသည်။
မာန်အောင်တွင် မြို့ပေါ်ရပ်ကွက်ငါးခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည်ဟု ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုတင်သွင်းခဲ့သည့်စာရင်းအရ သိရသည်။
မာန်အောင်ကိုလျှပ်စစ်မီး ၂၄ နာရီပေးမည်ဆိုပါက ရမ်းဗြဲဘက်ခြမ်းမှ မာန်အောင်ဘက်ခြမ်းသို့ ရေအောက်မှတဆင့် လိုင်းဆွဲမှသာအဆင်ပြေမည်ဟု မြို့ခံတစ်ဦးလည်း ဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးကျော်သန်းက နိရဥ္စရာကို ပြောသည်။
“ဟိုဘက်ကမ်း ဒီဘက်ကမ်းကိုပြောတာ။ ရမ်းဗြဲမြို့ပေါ်ကနေပြောတာမဟုတ်ဘူး။ ရေပြင်မှာက ၆ မိုင်ပဲရှိတယ်လေ။ ကျန်တဲ့ဟာ မြေပြင်မှာက ဘယ်လိုပဲ စိုက်စိုက်၊ စိုက်လို့ရတယ်လေ။ ရေပြင်မှာ တိုင်စိုက်မဲ့ဟာကတော့ အရင်းအနှီးများမယ်။ အဲဒီအရင်းအနှီးများမဲ့ဟာကို အစိုးရအနေနဲ့ ဒီ မာန်အောင်ကျွန်းသူ၊ ကျွန်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တကယ်တမ်း စေတနာရှိတယ်ဆိုရင်၊ လုပ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျခံနိုင်ရင် ရပါတယ်။ ဘယ်လိုမှ အခက်အခဲတော့မရှိနိုင်ပါဘူး။”ဟု ပြောသည်။
လက်ရှိတွင် မာန်အောင်၌ လျှပ်စစ်မီးရရှိနိုင်ရန် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအနီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံတစ်ရုံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအကုန်အကျခံကာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်က ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Posco Daewoo ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင်ပြီးစီးခဲ့သည်။
မာန်အောင်မြို့ပေါ်ရပ်ကွက် (၅)ခုအပါအဝင် မြို့နှင့်တစ်ဆက်တစ်စပ်တည်းရှိသည့် ခအုန်းမော်ကျေးရွာ၊ ကုန်းတန်းကျေးရွာနှင့် ကျေးရွာအချို့ကို အဆိုပါစက်ရုံက ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း လျှပ်စစ်မီး ၂၄ နာရီ စတင်ပေးနိုင်ခဲ့သည်ဟု သိရသည်။
၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင်ပြုလုပ်ခဲ့သည့်ယင်းစက်ရုံဖွင့်ပွဲအခမ်းအနားကိုလည်း ယင်းအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပေးခဲ့သေးသည်။
အဆိုပါစက်ရုံဖွင့်လှစ်အပြီး ၇ လခန့်အကြာတွင် စက်ပျက်ပစ္စည်းအချို့ ပျက်သွား၍ ပြုပြင်ခဲ့ရသည်ဟု သိရသည်။
ဆိုလာစက်ရုံမှ လျှပ်စစ်မီးစတင်ပေးခဲ့စဉ်က မီဂါဝပ် 320kw ထုတ်လွှတ်နိုင်ခဲ့သော်လည်း စက်ပြုပြင်ပြီးနောက်တွင် 250kw အထိသာထုတ်လုပ်နိုင်တော့၍ ယခင်ကကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးနိုင်ခြင်းမရှိတော့ကြောင်းလည်း သိရသည်။
ဆိုလာစက်ရုံမှ လျှပ်စစ်မီးအပြည့်အဝပေးနိုင်ခြင်းမရှိတော့၍ ဒီဇယ်မီးစက်ကြီး ၂ လုံးဖြင့် မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာ (၄)ရွာကို နံနက် ၅ နာရီမှ နံနက် ၉ နာရီထိ တစ်ကြိမ်၊ ညနေ ၅ နာရီခွဲမှ ည ၁၁ နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် (၂)ကြိမ်ပေးဝေနေရသည်ဟု သိရသည်။
အခြားအချိန်များတွင် မာန်အောင်ဆေးရုံအတွက်လိုအပ်သည့်လျှပ်စစ်မီးကို လူမှုအဖွဲ့အစည်းနှစ်ခုက စုပေါင်းကျခံလှူဒါန်းထားရသည်ဟုလည်း သိရသည်။
မာန်အောင်တွင် ယခုကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီမသုံးစွဲနိုင်၍ အွန်လိုင်းမှ ပညာသင်ကြားနေသူများအနေဖြင့်လည်း ဖုန်း၊ ကွန်ပျူတာ ဘက်ထရီအားများမရှိလျှင် သင်တန်းတက်ရာ၌ အဆင်မပြေဖြစ်ကြကြောင်း မာန်အောင်မြို့ခံ ကိုခန့်ဝေလင်းက ပြောသည်။
“များသောအားဖြင့် ပညာရေးက အပြင်မှာ Face to Face ဆိုတာထက် အွန်လိုင်းကနေပြီးတော့ သင်တာတွေများပါတယ်။ အဲတော့ ကွန်ပျူတာအားတို့၊ ဖုန်းအားတို့မရှိရင် အဆင်မပြေဘူးပေါ့နော်။ ဖြစ်နိုင်ရင် တစ်ခြားဒေသမှာရသလို ၂၄ နာရီပြည့်ပြည့်ဝဝရစေချင်တယ်”ဟု ပြောသည်။
မာန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ၅ နှစ်ခန့်က ထရန်ဆဖော်မာ ၅၃ လုံးကို တည်ဆောက်ကာ ကျေးရွာပေါင်း ၅ဝ ကျော်တွင် ဓာတ်မီးတိုင်များကို သွယ်တန်းခဲ့သော်လည်း လက်ရှိအချိန်ထိ ယင်းဒေသများတွင် လျှပ်စစ်မီးရရှိခြင်းမရှိသေးဟုလည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်ကလည်း မာန်အောင်ကို လေအားလျှပ်စစ်မှတဆင့် လျှပ်စစ်မီး ၂၄ နာရီထုတ်ပေးသွားမည်ဟု ပြည်နယ်အစိုးရက နိရဥ္စရာကို ပြောဆိုခဲ့ဖူးသည်။ သို့သော် ယနေ့အချိန်ထိ လေအားလျှပ်စစ်မှ လျှပ်စစ်မီးထုတ်ပေးနိုင်ခြင်းမရှိသေးဟု သိရသည်။
လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုပါက မာန်အောင်ကျွန်းပေါ်တွင် Wind တာဘိုင်ပေါင်းများစွာကို အုန်းပင်၊ ထန်းပင်၊ အုန်းတော၊ ထန်းတောကြီးများကဲ့သို့ ကျွန်းကြီးအပြည့် တည်ဆောက်ရမည်ဖြစ်၍ မြေနေရာပြဿနာများနှင့် ငွေကြေးအကုန်အကျများစွာရှိလာမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့ဖူးသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့ ၁၇ မြို့ရှိသည့်အနက် ၁၆ မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး မာန်အောင်တစ်မြို့တည်းတွင်သာ လျှပ်စစ်မီး ၂၄ နာရီမရရှိသေးခြင်းဖြစ်သည်။
မာန်အောင်မြို့နယ်အတွင်း လျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှ ဖြစ်စေ၊ ဂတ်စ် တာဘိုင်တာ စစ်ရုံကြီးများတည်ဆောက်၍ဖြစ်စေ လျှပ်စစ်မီးရရှိရေးကို သက်ဆိုင်ရာဝန်ကြီးဌာန အပါအဝင် အစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်သည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။
ဓာတ်ပုံ - မာန်အောင်မြို့နယ် မြတ်မချောင်ကျေးရွာရှိ ယခင်ကပင်သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်မီးတိုင်များ၊ ဓာတ်ကြိုးများနှင့် ထရန်စဖောတစ်လုံးအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ