ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် လျှပ်စစ်မီး နေ့စဉ်လိုလို အချိန်ကြာမြင့်စွာပြတ်တောက်နေ၍ လျှပ်စစ်မီးသုံးစွဲသူများအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

အေးမြတ်ခိုင်

နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂ဝ၂၂

ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်း လျှပ်စစ်မီးနေ့စဉ်လိုလိုပြတ်တောက်နေ၍ လျှပ်စစ်မီးကိုသုံးစွဲသူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရခိုင်တွင် စစ်တွေအပါအဝင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနေသည့် မြို့ ၁၆ မြို့၌ လျှပ်စစ်မီးသည် ယခုနောက်ပိုင်း နာရီနှင့်ချီကာ ကြာမြင့်စွာပြတ်တောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်ချိန်သည်လည်း ပုံမှန်မရှိသည့်အတွက် ထမင်းဟင်းချက်ပြုတ်ရေးကအစ လျှပ်စစ်မီးနှင့်အလုပ်လုပ်ကိုင်နေသည့်လုပ်ငန်းအားလုံးတွင် အဆင်မပြေမှုများရှိနေကြောင်း စစ်တွေမြို့ရှိ "ရွှေစံအိမ်" သံပန်း၊ သံတံခါးလုပ်ငန်းမှ ဦးသန်းနိုင်ဦးက ပြောသည်။

"အလုပ်က မီးနဲ့လုပ်ရတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်၊ သူများတွေအာမခံထားတဲ့အချိန်နဲ့ ပြီးစီးမှုမရှိတဲ့အတွက် အဆင်မပြေဘူး။ ကတိပျက်ရတယ်"ဟု ပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း ရပ်ကွက်တစ်ခုကို တစ်ရက်လျှင် ၃ နာရီကြာ လျှပ်စစ်မီးဖြတ်တောက်မည်ဟု လျှပ်စစ်ဌာနကထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ရပ်ကွက်တိုင်းလိုလို၌ ၃ နာရီမှ ၅ နာရီကြာအထိ ပြတ်တောက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် လျှပ်စစ်မီးကိုအသုံးပြု၍ အင်တာနက်မှတဆင့် Wifi စနစ်ဖြင့် ပညာသင်ကြားပေးမှုများတွင်လည်း အဆင်မပြေမှုများရှိနေပြီး Mobile Data ဖြင့် အင်တာနက်အသုံးပြုသင်ကြားရမှုကြောင့် ငွေကုန်ကြေးကျပိုများနေသည်ဟုလည်း သင်တန်းဆရာများက ပြောသည်။

အလားတူ မြောက်ဦးမြို့ ဘုရားပေါ်ရပ်ကွက်ရှိ ရခိုင်အားမာန် အထက်တန်းအဆင့်ပညာဒါနကျောင်းတွင်လည်း လျှပ်စစ်မီးပြတ်တောက်နေ၍ ကျောင်းသူ၊ ကျောင်းသားများသည် ထမင်းစားချိန်နှင့် ကျောင်းချိန်နောက်ကျမှုများဖြစ်ပေါ်နေသလို ကုန်ကျစရိတ်လည်း ပိုများနေသည်ဟု အဆိုပါကျောင်းတည်ထောင်သူတစ်ဦးဖြစ်သည့် ဦးခင်မောင်ဆန်းက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေလို့ အရမ်းအခက်အခဲဖြစ်ရပါတယ်။ ကျောင်းချိန်နောက်ကျတာတွေများနေကြပါတယ်။ ထမင်းလည်း အချိန်မှန်မစားရဘူး။ ချက်နေရင်းတန်းလန်း မီးပြတ်သွားတော့ ချက်ထားတဲ့ထမင်းက ပျက်စီးသွားတယ်။ အသစ်ပြန်ပြီးချက်တော့ သူတို့တွေ စားချိန်နောက်ကျသလို ကျောင်းချိန်နောက်ကျသွားပြီ။ ကုန်ကျစရိတ်တွေလည်း ပိုများနေပါတယ်ဟု ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့များထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း လျှပ်စစ်မီးနေ့စဉ်ပြတ်တောက်နေပြီး ထင်မှတ်မထားသည့်အချိန်များတွင်ပြတ်တောက်နေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ကျောက်ဖြူမြို့ခံ ကိုခိုင်မင်းက ပြောသည်။

"နေ့တိုင်းပြတ်တယ်။ တစ်ရက်တစ်ကြိမ် ပြတ်တဲ့အခါပြတ်တယ်။ အခုဆိုရင်တော့ နှစ်ကြိမ်အထိပြတ်လာတယ်။ အဓိကက ထမင်းချက်တဲ့သူတွေ၊ လျှပ်စစ်နဲ့အလုပ်လုပ်နေရတဲ့သူတွေဖြစ်ဖြစ် ဒေသခံတွေမှာက ဒုက္ခရောက်ကြရတယ်။ သတ်မှတ်ထားတဲ့အချိန်မပြတ်ဘဲ မထင်မှတ်ထားချိန်ပြတ်တာတွေရှိတယ်"ဟု ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီး မကြာခဏပြတ်တောက်နေရခြင်းမှာ ရန်ကုန်မှ ဂတ်စ်တာဘိုင် နှစ်လုံးပိတ်ထားရသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဓာတ်အားမလုံလောက်မှုကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မဟာဓာတ်အားလိုင်းတာဝန်ခံ ဦးသိန်းရွှေက နိရဥ္စရာကိုပြောသည်။

"ပုံမှန်အခြေနေပြန်ရဖို့က သိပ်ပြောလို့မရဘူး။ ပြည်နယ်ကပြတ်တောက်တာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးရဲ့ဝန်အားအခြေအနေပေါ်မူတည်ပြီး ပိတ်ဖို့အမိန့်ပေးတဲ့အတွက် လက်ရှိမှာ ပုံသေယူလို့မရပါဘူး"ဟု ပြောသည်။

ရခိုင်တွင် ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထမင်းဟင်းချက်ပြုတ်ရန် မီးသွေးဝယ်လိုအားနှင့် မီးသွေးစျေးနှုန်းများ မြင့်တက်မှုများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် သီးခြားကျွန်းမြို့တစ်ခုအဖြစ်တည်ရှိနေသည့် မာန်အောင်မြို့မှအပ ကျန်မြို့ ၁၆ မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဟု သိရသည်။

ရခိုင်သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးနိုင်သည့်အထိမ်းအမှတ်အခမ်းအနားကိုလည်း ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက စစ်တွေဝေသာလီကားကစားကွင်း၌ ခမ်းခမ်းနားနားကျင်းပခဲ့သည်။

ဓာတ်ပုံ - မြောက်ဦးရှိ ရခိုင်အားမာန်အထက်တန်းအဆင့်ပညာဒါနကျောင်းတွင် လျှပ်စစ်မီးပြတ်တောက်နေချိန် ကျောင်းသူ၊ ကျောင်းသားများ စာဖတ်နေကြရစဉ်။

ဆက်စပ် သတင်းများ