ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦးမြို့နှင့် 11kv လိုင်း ခြောက်တိုင်စင်အား ကားဖြင့်တိုက်မိရာမှ စင်ကျိုးသွား၍ နေရာအနှံ့ မီးပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 898

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီလ ၁၈/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်တွင်းရှိ ရွာပေါင်း ၃၂ ရွာကို လျှပ်စစ်မီးပေးနေသည့် 11kv လိုင်း ခြောက်တိုင်စင်အား ယနေ့ညနေတွင် ကားတစ်စီးက ဝင်တိုက်မိရာမှ စင်ကျိုးသွား၍ နေရာအနှံ့လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။
မြောက်ဦးမြို့ အလယ်စျေးရပ်ကွက် လျှပ်စစ်ဓာတ်အားခွဲရုံရှေ့ရှိ အဆိုပါခြောက်တိုင်စင်အား ယနေ့ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဒိုင်နာခေါင်းတိုအမျိုးအစားကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကားသည် မြောက်ဦးမှအထွက်တွင် အခြားကားတစ်စီးအား တိမ်းရှောင်ရာမှ ထိုခြောက်တိုင်စင်လုံးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး စင်ကျိုးသွား၍ တစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေသည်ဟု မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနီကိုဦးက နိရဥ္စရာသို့ပြောသည်။
“11kv လိုင်း ခြောက်တိုင်စင်တစ်ခုလုံးပါသွားတယ်။ အဲဒီ 11kv ခြောက်တိုင်စင်တစ်ခုလုံး ကျိုးသွားတယ်။ တစ်ခုမှ မီးပေးလို့မရဘူး။ မီးအားလုံးပြတ်နေတယ်” ဟုပြောသည်။
အဆိုပါခြောက်တိုင်စင်မှ မြောက်ဦးမြို့ပေါ်ရပ်ကွက် ၇ ခုအပါအဝင် မြို့နယ်တွင်းရှိ ရွာပေါင်း ၃၂ ရွာနှင့် စစ်တပ် ၃ တပ်တို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် နေရာအနှံ့လျှပ်စစ်မီးပြတ်တောက်နေသည်ဟုလည်း ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါစင်အား ပြုပြင်နေဆဲဖြစ်ပြီး မည်သည့်အချိန်တွင်ပြီးစီးမည်ကို မခန့်မှန်းနိုင်သေးသည့်အတွက် မီးဆက်လက်ပြတ်တောက်နေဦးမည်ဟု ဆိုသည်။
ဝင်တိုက်မိသောကားတွင် အမျိုးသားနှစ်ဦးလိုက်ပါလာပြီး တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာနှင့် ကျန်တစ်ဦးမှာ ဒူးဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
၄င်းတို့နှစ်ဦးကို လက်ရှိတွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားပြီး ၄င်းတို့၏ဒဏ်ရာအနေအနေမှာ မစိုးရိမ်ရဟု မြောက်ဦးမြို့ရှိ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းမှ အရေးပေါ်ကားဥက္ကဋ္ဌ ဦးညိုမှိုင်းက နိရဥ္စရာသို့ ပြောသည်။
၄င်းတို့နှစ်ဦးကို လျှပ်စစ်ရုံးပိုင်ပစ္စည်းများကို မဆင်မခြင်ဝင်တိုက်ခဲ့မှုကြောင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း မြောက်ဦးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနီကိုဦးက နိရဥ္စရာသို့ပြောသည်။

ဆက်စပ် သတင်းများ