ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် နေ့စဉ်လျှပ်စစ်မီး ၁ဝ နာရီခန့်ကြာ ပြတ်တောက်လာနေ၍ မီးသုံးစွဲသူများအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၂/၂၀၂၂
ရခိုင်ပြည်နယ်တွင် နေ့စဉ်လျှပ်စစ်မီး ၁ဝ နာရီခန့်ကြာ ပြတ်တောက်လာနေပြီး ယခင်ကထက် မီးပြတ်တောက်ချိန်ပိုများလာနေ၍ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် အခက်အခဲများရှိလာနေကြောင်း သိရသည်။
ရခိုင်တွင် စစ်တွေအပါအဝင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနေသည့် မြို့ ၁၆ မြို့တွင် လျှပ်စစ်မီးသည် ယခင်က တစ်ရက်လျှင် တစ်ကြိမ်ခန့်ပြတ်တောက်ခဲ့ရာမှ ယခုအခါတွင် ဖေဖော်ဝါရီလမှစတင်ကာ တစ်ရက်လျှင် နှစ်ကြိမ်ခန့်ပြတ်တောက်လာနေကြောင်း ဒေသခံများက ပြောသည်။
တစ်ကြိမ်ပြတ်လျှင် ၅ နာရီခန့်စီကြာမြင့်တတ်ပြီး မီးပြတ်တောက်ချိန်မှာလည်း အချိန်မမှန်သဖြင့် ယခင်ကထက် အခက်အခဲဖြစ်နေကြောင်း မီးသုံးစွဲသူများက ပြောသည်။
လက်ရှိတွင် တက္ကသို်လ်ဝင်စာမေးပွဲဖြေဆိုရန်လည်း ရက်ပိုင်းခန့်သာရှိတော့ပြီး ညအချိန်စာလေ့လာကျက်မှတ်ရာတွင် ဖယောင်းတိုင်မီးများကိုသာ အသုံးပြုနေရသည့်အတွက် စာလေ့လာရာတွင် အခက်အခဲများရှိနေကြောင်း စစ်တွေရှိ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးဖြစ်သူ မဌေးဌေးလွင်က နိရဥ္စရာသို့ပြောသည်။
“မီးမလာလို့ ဖယောင်းတိုင်မီးနဲ့ နာရီနဲ့ချီပြီးဖတ်ရတော့ ၂ ရက် ၃ ရက်လောက်ဆို မျက်စိတွေက ကိုက်လာတယ်။ အလင်းအာရုံအရလည်း စာကိုစိတ်ဝင်စားမှုအားနည်းတယ်။ စာမေးပွဲနီးတော့ စာဖတ်ရချိန်ကလည်း များတော့ မီးပုံမှန်လာရင် ပိုအဆင်ပြေမယ်ထင်တယ်။ ပြောရမယ်ဆိုရင် မီးမလာလို့ အခက်အခဲကတော့ အများကြီးပဲ။ ထမင်းချက်နေရင်း မီးပျက်သွားတာတွေလည်း ရှိတော့ ထမင်းစားချိန်နောက်ကျတယ်။ အချိန်မမှန်တာတို့ဖြစ်တော့ စာလုပ်ဖို့လည်း အခက်အခဲဖြစ်တယ်” ဟု ပြောသည်။
လျှပ်စစ်မီးများပြတ်တောက်လာမှုနှင့်အတူ ဓာတ်ဆီ၊ ဒီဇယ်ဆီစျေးနှုန်းများလည်း မြင့်တက်လာနေကာ မီးပြတ်ချိန်တွင် မီးစက်ကိုအသုံးပြု၍အလုပ်လုပ်နေကြရသည့်လုပ်ငန်းရှင်များမှာလည်း ငွေကုန်ကြေးကျပိုများကာ လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့များထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း လျှပ်စစ်မီးနေ့စဉ်ပြတ်တောက်နေပြီး ရခိုင်ပြည်သူများအနေဖြင့် ၂၄ နာရီ မီးရရှိသင့်ကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောသည်။
“ဒီဘက်(ကျောက်ဖြူ)မှာက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ဆိုးကျိုးတွေခံစားရမှာက ကျောက်ဖြူဒေသခံတွေအရင်ဆုံးခံစားရမှာပါ။ မြေယာပိုင်ဆိုင်မှုတွေကလည်း ဒီဘက်ကလူတွေပေးဆပ်ထားရတာ ရှိတယ်။ ဒါကြောင့် ဒီဘက်ကိုတော့ အတတ်နိုင်ဆုံး မီးမဖြတ်ဘဲပေးထားတာက ပိုအဆင်ပြေမယ်လို့မြင်တယ်” ဟုပြောသည််။
ယခုကဲ့သို့လျှပ်စစ်မီးမကြာခဏပြတ်တောက်နေရခြင်းမှာ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရပြီး ဓာတ်အားမလုံလောက်သဖြင့် ဝန်အားလျှော့ထားရခြင်းကြောင့်ဖြစ်ကြောင်း စစ်တွေခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမောင်မောင်သန့်ဇင်က နိရဥ္စရာသို့ပြောသည်။
“ဓာတ်အားတွေကမလုံလောက်တော့ အလှည့်ကျလျှော့ပြီးလုပ်နေရတယ်။ လောပိတရေအားလျှပ်စစ်စက်ရုံက ရေအားကလည်း မုန်တိုင်းတွေဘာတွေမရှိတော့ ရေအားတွေလျော့နည်းလာလို့ လျှော့မောင်းနေရတာပေါ့။ သုံးတဲ့အားနဲ့ ထုတ်တဲ့အားနဲ့မမျှတော့ အလှည့်ကျ ပိတ်နေရတာပေါ့။ ဓာတ်အားလိုင်းတွေပြုပြင်ပြီးတဲ့အချိန်၊ ရေအားတွေလည်း အပြည့်ထုတ်နိုင်တဲ့အချိန်ကျရင်တော့ အချိန်ပြည့်ပေးနိုင်မှာပါ။ ရာသီဥတုပိုပူလာတော့ လျှပ်စစ်အသုံးများလာကြလို့ ဖြတ်ရတဲ့အပိုင်းက ပိုပြီးတော့များလာတာပေါ့” ဟုပြောသည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလအတွင်း ရပ်ကွက်တစ်ခုကို တစ်ရက်လျှင် ၃ နာရီကြာလျှပ်စစ်မီးဖြတ်တောက်မည်ဟု လျှပ်စစ်ဌာနကထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိတွင် ရပ်ကွက်တိုင်းလိုလို၌ တစ်ရက်လျှင် နှစ်ကြိမ်စီ ၁ဝ နာရီခန့်ကြာမီးပြတ်တောက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
ရခိုင်တွင် ယခုနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထမင်းဟင်းချက်ပြုတ်ရာတွင် မီးသွေးအသုံးပြုမှုပိုများလာပြီး မီးသွေးစျေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိရာ စားရေးသောက်ရေးအတွက် ငွေကုန်ကြေးကျပိုများနေရကြောင်း သိရသည်။
လျှပ်စစ်မီးများပိုမို၍ပြတ်တောက်လာနေသော်လည်း မီတာခများ ဆက်လက်မြင့်တက်နေမှုအပေါ်တွင်လည်း ဒေသခံများက ဝေဖန်ပြောဆိုမှုများရှိနေကြသည်။
ရခိုင်ပြည်နယ်တွင် သီးခြားကျွန်းမြို့တစ်ခုအဖြစ် တည်ရှိနေသည့် မာန်အောင်မြို့မှအပ ကျန်မြို့ ၁၆ မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိခဲ့သော်လည်း ၂ဝ၂၁ ခုနှစ်မှစတင်ကာ ယခုကဲ့သို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ