သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ယနေ့မှစ၍ တစ်နေ့လျှင် ၂ နာရီမှ ၃ နာရီကြာ လျှပ်စစ်မီး ၃ ကြိမ်ပြတ်တောက်မည်ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k


အေးမြတ်ခိုင်
နိရ ဉ္စရာ၊ မတ် ၁၈ / ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ယနေ့ မတ်လ ၁၈ ရက်မှစ၍ တစ်နေ့လျှင် ၂ နာရီမှ ၃ နာရီကြာ လျှပ်စစ်မီး ၃ ကြိမ်ပြတ်တောက်မည်ဟု ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
“ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှဓာတ်အားပေးထားသောမြို့များ 18.3.2022 မှစပြီး သာမာန်အားဖြင့် တစ်မြို့လျှင် တနေ့လျှင် ၃ ကြိမ်ဓာတ်အားပိတ်ပါမည်။ တကြိမ်လျှင် ဓာတ်အားပိတ်ချိန် ၂ နာရီမှ ၃ နာရီခန့်ကြာမြင့်နိုင်ပါမည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တွေတွင်ဆိုလျှင် လိုင်း(၁)နှင့် လိုင်း(၂)ဟုခွဲထားပြီး လိုင်း(၁)တွင် နံနက် ၆ နာရီမှ နံနက် ၈ နာရီထိ၊ နေ့လယ် ၁၂ နာရီမှ နေ့လယ် ၂ နာရီထိနှင့် ည ၆ နာရီမှ ည ၈ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဟု ဖော်ပြထားသည်။
အလားတူ စစ်တွေလိုင်း(၂)တွင် နံနက် ၄ နာရီမှ ၆ နာရီအထိ၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိနှင့် ညနေ ၄ နာရီမှ ၆ နာရီအထိ ပြတ်တောက်မည်ဟု
ဖော်ပြသည်။
စစ်တွေရှိ အေးမိသားစုပုံနှိပ်တိုက်ပိုင်ရှင် ဦးအောင်ဌေးနိုင်က “ထုတ်ပြန်ထားတဲ့အတိုင်း ပုံမှန်သာပြတ်မယ်ဆိုရင် ကြိုပြီးအကြောင်းကြားထားတဲ့အတွက် ဘာပဲပြောပြော ကျွန်တော်တို့ ကြိုပြင်ဆင်လို့ရတယ်လို့ပဲ ပြောရပါမယ်”ဟု ပြောသည်။
ရခိုင်ရှိ အခြားမြို့နယ်များ၏ လျှပ်စစ်မီးဖြတ်တောက်မည့်အချိန်ဇယားအသေးစိတ်ကို ထပ်မံကြေညာဦးမည်ဟုလည်း ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဆိုထားသည်။
ရခိုင်သို့ထုတ်လွှတ်ထားသည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားများကို ယခင်က ဌာနချုပ်က ဖြတ်တောက်ခြင်းဖြစ်ပြီး လက်ရှိတွင် ရခိုင်တစ်ပြည်လုံးရှိ မြို့နယ်များတွင် မိမိတို့မြို့နယ်အလိုက်ဖြတ်တောက်ရန်စီစဉ်ထားသည့်အတွက် ယခုကဲ့သို့ အချိန်သတ်မှတ်ကာ ဖြတ်တောက်ရခြင်းဖြစ်သည်ဟု အမ်းမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှူး ဦးခိုင်စိုးက နိရ ဉ္စရာကိုပြောသည်။
“မီးကတော့ ပြတ်တော့ ပြတ်နေအုံးမယ်။ ဒီနေ့စပြီး Plan တစ်ခုလုပ်တာပေါ့နော်။ ဟိုဘက် မီးရတယ်။ ဒီဘက်မီးမရဘူးဆိုတဲ့ဟာမျိုးတွေ မညီမျှမှုတွေမရှိအောင် အစီစဉ်တစ်ခုနဲ့ စမ်းပြီးလုပ်နေတယ်။ အခြေအနေကတော့ စောင့်ကြည့်ရအုံးမယ်။ ဒါမှ ဘယ်ဟာလုပ်တာ ပိုကောင်းမယ်ဆိုတဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပေါ့နော်”ဟု ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင်သုံးစွဲနေရသည့်လျှပ်စစ်ဓာတ်အားများကို ရေအားလျှပ်စစ်မှအများဆုံးထုတ်ယူသုံးစွဲနေရခြင်းဖြစ်ပြီး လက်ရှိတွင် နွေရာသီဖြစ်၍ ရေများခမ်းခြောက်မှုများကြုံနေရသည့်အတွက် လာမည့် ဇွန်လအထိ ယခင်ကကဲ့သို့ လျှပ်စစ်မီးပုံမှန်ရဦးမည်မဟုတ်ဟု သူက ဆက်ပြောသည်။
ယခင်ကကဲ့သို့ လျှပ်စစ်ဓာတ်အား ၂၄ နာရီမရရှိသည့်အတွက် များစွာအခက်အခဲနှင့်ကြုံတွေ့နေရသည်ဟုလည်း လျှပ်စစ်မီးသုံးစွဲသူများက ပြောသည်။
စစ်တွေမှ Morning ဗီနိုင်းနှင့် ရောင်စုံပုံနှိပ်လုပ်ငန်းပိုင်ရှင် ဦးထွန်းလင်းအောင်က “ခေတ်အခြေနေအရ ဆီစျေးကတက်တယ်။ လျှပ်စစ်မီးက မမှန်၊ အခွန်က တိုးကောက်တယ်။ အခက်အခဲက အများကြီးရှိတယ်။ သူတို့ကောက်တဲ့အခွန်ကိုဆောင်တယ်။ ဒါတောင် လျှပ်စစ်မီးလေးတစ်ခုကိုတောင် လုံလောက်အောင်မဖြည့်ဆည်းပေးဘူး”ဟု နိရ ဉ္စရာကိုပြောသည်။
ရခိုင်ရှိ မြို့များတွင် ယမန်နေ့အထိ တစ်နေ့လျှင် လျှပ်စစ်မီး ၂ ကြိမ်ပြတ်တောက်ခဲ့ပြီး တစ်ကြိမ်ပြတ်တောက်တိုင်း အနည်းဆုံး ၄ နာရီမှ ၅ နာရီအထိကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ