စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝတွင် စက်သုံးဆီမရှိ၍ မြို့တစ်ခုလုံးလျှပ်စစ်မီးပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် စက်သုံးဆီမရှိ၍ ဇွန် ၂၇ ရက် ညကစပြီး မြို့တစ်ခုလုံး လျှပ်စစ်မီးပြတ်တောက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
ပလက်ဝမြို့တွင် ဒီဇယ်သုံး မီးစက်ကြီးဖြင့် လျှပ်စစ်မီးဖြန့်ဝေရာ၌ အုပ်စု နှစ်အုပ်စု (၂) ပိုင်းခွဲထားကာ တစ်အုပ်စုနှင့်တစ်အုပ်စုကြား တစ်ရက်ခြားစီ မီးပေးဝေကြောင်း ပလက်ဝဒေသခံများကပြောသည်။
အဆိုပါမီးပေးဝေနေမှုသည် စက်သုံးဆီပြတ်လပ်သွားသဖြင့် ဇွန်၂၇ ရက်ညမှ စတင်ကာမီးမရရှိခဲ့ကြောင်း ပလက်ဝဒေသခံတစ်ဦးကပြောသည်။
" ဟိုတစ်နေ့ကဆိုရင် ကျမတို့အပိုင်းရမဲ့ အလှည့်လေ။ ဒါပေမယ့်မီးမပေးဘူး၊ လုံးဝမရခဲ့ဘူး။ ဆီမရှိလို့ မပေးတာမျိုးလို့တော့ ကြားတယ်။ ဒီနေ့လည်း မရဖို့ များတယ်။ အခုက ရေလမ်းကြောင်းတွေလည်း အားလုံးပိတ်ထားတော့ ဆီတွေလည်း မရောက်ဘူး ဒီကို" ဟုပြောသည်။
ပလက်ဝမြို့တွင် တစ်အုပ်စုလျှင် တစ်ရက်ကျဖြင့် လျှပ်စစ်မီးကို တစ်ရက်လျှင် ညနေ ၆ နာရီမှ ညည့် ၁၁ နာရီအထိယခင်က ပုံမှန် မီးပေးဝေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စက်လှေများ၊ မော်တော်ဘုတ်များသွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ထားသဖြင့် ပလက်ဝ၌ စက်သုံးဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်နေကာ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၅၀၀၀၊ ၅၅၀၀ကျပ်ခန့်ပင် ပေးကာ ဝယ်ယူ သုံးစွဲနေရကြောင်း ဒေသခံများကပြောသည်။
နောက်ထပ်ပလက်ဝဒေသခံတစ်ဦးက "ဆီမရှိလို့ မီးမပေးဘူးလို့ကြားတယ်။ မနေ့က မီးမလာဘူး၊ ဒီနေ့လည်း ရမယ်မထင်ဘူး။ ဆီသယ်ဖို့လမ်းကြောင်း မရှိလို့ထင်တယ်။ ပလက်ဝမှာက စက်လှေတွေ ကိုယ်သွားချင်သလို စိတ်ကြိုက် သွားလာခွင့်မရှိဘူးလေ။ အခုတော့ သူတို့ဝန်ထမ်းတွေလည်း သွားလာရ အဆင်မပြေလို့ ထင်တယ်" ဟုပြောသည်။
လက်ရှိအချိန်တွင် ပလက်ဝသို့ တစ်ပတ်လျှင်တစ်ကြိမ်ပြေးဆွဲနေသည့် အစိုးရဇက်ရေယာဉ်မှာလည်း ပြီးခဲ့သည့်အပတ်က ကုလားတန် မြစ်ရေ တက်နေသဖြင့် ပြေးဆွဲခဲ့ခြင်းမရှိသဖြင့် ပလက်ဝတွင် စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ ကုန်စည်လည်ပတ်စီးဆင်းမှု မရှိသလောက် နည်းပါးနေကြောင်း ဒေသခံများကပြောသည်။
အဆိုပါ မီးပေးဝေမှုရပ်ဆိုင်း နေရခြင်းအကြောင်း အရင်းအသေးစိတ်နှင့် ပတ်သက်၍ ပလက်ဝမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကိုမေးမြန်းရန် ဆက်သွယ်ရာ ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။ (NN-8)
(Photo by Chin world)

ဆက်စပ် သတင်းများ