စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် မိုးကြီး၍ဓာတ်တိုင်ပြိုလဲရာမှ တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာ၊ ဇူလိုင် ၂၃ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မိုးကြီး၍ ဓာတ်တိုင်များပြိုလဲသွားရာမှ တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် အုန်းတောကျေရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာတွင် မိုးကြီး၍ ကျောက်ဖြူချောင်းမှ ရေတိုက်စားသည့်အတွက် ကျောက်ဖြူမြို့ပေါ်သို့ ဖြန့်ဖြူးထုတ်လွှတ်နေသည့် ဓာတ်မီးတိုင်များသည် ယမန်နေ့ ဇူလိုင်လ ၂၂ ရက်၊ ည ၁၀ နာရီအချိန်တွင် ပြိုလဲကျရာမှ ကျောက်ဖြူတစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့လျှပ်စစ်မီးတစ်မြို့လုံးပြတ်တောက်နေသည့်အတွက် လျှပ်စစ်မီးဖြင့် အလုပ်လုပ်နေကြသည့် ကွန်ပျူတာသင်တန်းများ၊ ကျောက်ဖြူတစ်မြို့နယ်လုံးရှိ လျှပ်စစ်မီးဖြင့်အလုပ်လုပ်ရသည့်လုပ်ငန်းခွင်များအပြင် ထမင်းချက်ပြုတ်ရေးပါ အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ကုန်ဘောင်ကျေးရွာမှ ကျေးရွာသားတစ်ဦးဖြစ်သူ ကိုထွန်းဝင်းစိုးက "တစ်မြို့လုံးအလုပ်လုပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်။ ပြန်ပြီး မီးပြန်ရဖို့အတွက် မီးတိုင်ပြောင်းရွှေ့စိုက်မယ်နေရာကို မြေပိုင်ရှင်နဲ့ ဌာနဆိုင်ရာတွေက ညှိနေကြတယ်။ ရမယ်။ မရဘူးဆိုတာတော့ မပြောတတ်သေးဘူး။ မြေပိုင်ရှင်ကတော့ သိန်း ၃ ထောင်တောင်းနေတယ်" ဟု ပြောသည်။
လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် မြေပိုင်ရှင်နှင့် ဌာနဆိုင်ရာတို့ ညှိနိုင်းဆွေးနွေးမှုများအဆင်ပြေလျှင် ဓာတ်တိုင်စိုက်ပြီးပါက လျှပ်စစ်မီး ချက်ချင်းရနိုင်ပြီး ဓာတ်တိုင်စိုက်မရလျှင် မီးပြန်ရမည့်အချိန် ကြာသွားနိုင်သည့်အခြေအနေရှိသည်ဟုလည်း သိရသည်။
ယခုဓာတ်တိုင်များပြိုလဲသွားသည့်နေရာတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Power China ကုမ္ပဏီက အဆိုပါကျောက်ဖြူချောင်းကို ပိတ်ကာ လျှပ်စစ်ဓာတ်အားခွဲပေးရေးစက်ရုံတစ်ခုဆောက်လုပ်နေသည်ဟု သိရသည်။
ယင်းတရုတ်ကုမ္ပဏီနှင့် EIA.SIA လုပ်နေသည့်အဖွဲ့အား နွေရာသီကာလကတည်း ချောင်းရေတိုက်စားမှုကိုကာကွယ်ရန် ကြိုတင်မလုပ်ထားလျှင် ကျောက်ဖြူချောင်းရေသည်ရေစီးသန်သည့်အတွက် မိုးရာသီတွင်ရေတိုက်စား၍ ဓာတ်တိုင်လဲမည်မှာသေချာသည်ဟု ဒေသခံများကပြောပြခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများလုပ်ထားခဲ့ခြင်းမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက "သူတို့က ချောင်းကို ပိတ်ဆို့ပြီးတော့ လုပ်ကြတယ်။ ချောင်းရေကိုပိတ်ဆို့ထားတော့ ကျွန်တော်တို့ဘက်ကမ်းကိုမပြိုသွားအောင်လုပ်ပေးဖို့တောင်းဆိုကြတယ်။ ဒီကျောက်ဖြူချောင်းက ဒီစီမံကိန်းထဲမှာပါသွားလို့ ချောင်းကိုပိတ်ထားလိုက်ပြီ။ အခုချောင်းက သူတို့တွေပြန်တူးပေးထားတာ" ဟု ပြောသည်။
ယခုပြိုလဲသွားသည့်လျှပ်စစ်မီးတိုင်များကို ယခုနှစ် မတ်လမှစတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်လျှပ်စစ်ဌာနကလည်း "ကျောက်ဖြူ မြို့သို့ဓာတ်အားဖြန့်ဖြူးပေးထားသော ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ ဂုန်းချိန်မှ ကျောက်ဖြူခွဲရုံကြားရှိ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွင် ရေတိုက်စားမှုကြောင့် တိုင်လဲသွားပါသဖြင့် ဓာတ်အားပြတ်တောက်နေပါသည်။ ဓာတ်အားပြတ်ချိန် ကြာမြင့်နိုင်ပါသည်။”ဟု ထုတ်ပြန်ထားသည်။ (NN-12)
ဓာတ်ပုံ - ဦးဖိုးစံ
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ