သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် သဘာဝဓာတ်ငွေ့သုံးလျှပ်စက်ဓာတ်ပေးစက်ရုံမှ ဆူညံသံ အနီးအနားနေပြည်သူတို့ နားမခံအောင်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ သြဂုတ်လ ၁၆/၂၀၂၂

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာနှင့် ဂုံးချွန်ကျေးရွာကြားရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စက် ဓာတ်အားထုတ်စီမံကိန်းစက်ရုံမှ ဆူညံသံကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသားများအနေဖြင့် နားမခံနိုင်အောင်ဖြစ်နေပြီး နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်းသိရသည်။

အဆိုပါ V power အမည်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ်စီမံကိန်းစက်ရုံမှ ဆူညံသံများကြောင့် ရေရှည်တွင် ကျေးရွာများအတွက် ပြဿနာတရပ်ဖြစ်နေပြီး ယခုလို နေ့စဉ် ရက်ဆက် အသံဆူညံမှုဖြစ်နေပါက ဒေသခံများအနေဖြင့် ၎င်းအသံကို တာရှည်ခံနိုင်မည် မဟုတ်ကြောင်း အုန်းတော ကျေးရွာမှ ကိုထွန်းဝင်းစိုးက နိရဥ္စရာသို့ ပြောသည်။

''အသံတွေ ဆူညံလွန်းပါတယ်။ အလွန်တရာကို ဆူညံတာပါ။  အဲ့ဒီစက်ရုံက အသံဆူညတာက  (၂)မိုင် (၃)မိုင်ပတ်ဝန်းကျင်က မခံနိုင်ပါဘူး။ကျနော်တို့ကတော့ မလုပ်နဲ့လို့ မတားလိုပါဘူး အသံမဆူညံအောင် လုပ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်'' ဟု ကိုထွန်းဝင်းစိုး ပြောသည်။

လက်ရှိ နားမခံအောင်ဖြစ်နေကြသည့် ကျေးရွာများမှာ အုန်းတောနှင့် ဂုံးချွိန်ကျေးရွာတို့ ဖြစ်ကြပြီး ဂုံးချွိန်ကျေးရွာတွင် အိမ်ခြေ ၈၀၀ ကျော်နှင့် အုန်းတော်တွင် အိမ်ခြေ ၆၀၀ ကျော် ရှိကြောင်း သိရသည်။

သာမန်အချိန်မှာတောင်ဆူညံနေပြီး ညဉ့်ဆို အသံက အရမ်းဆိုးတယ်။ ကျန်းမာ ရေးမကောင်းတဲ့ လူကြီးတွေက အထူးအခက်အခဲဖြစ်နေတယ်။ ကျန်းမာရေးမကောင်းတဲ့ အချိန်ဆို အရမ်း သိသာပါတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေဆို လုံးဝ မခံနိုင်ကြပါဘူး။ပြီးတော့ ဒီဟာက တခဏလေး တစ်ရက် တစ်လ တစ်နှစ်မဟုတ်ဘူး  စက်ရုံ လည်ပတ်နေသရွေ့ ဆူနေမှာ။ ဒီက ဒေသခံတွေ အထူးဒုက္ခရောက်နေကြပြီဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါစက်ရုံနှင့် ကပ်လျက်နေရာတွင်   Kyauk Phyu Electric Power Company Limited  မှ Kyauk Phyu Combined Cycle Power Plant (135 MW) Project  အမည်ရှိ စက်ရုံကိုလည်း ၂၀၂၂ခု နှစ်တွင် ထပ်မံတည် ဆောက်နေပြီး စက်ရုံနှစ်ခုလုံးလည်ပတ်ပါက အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် လူများ နေထိုင်နိုင်မည်မဟုတ်ကြောင်း ကိုထွန်းဝင်းစိုးကပြောသည်။

ကျောက်ဖြူ မြို့အခြေစိုက် Center for Peace and Development (CPD) အဖွဲ့မှ ထုတ်ပြန်ချက်တွင် အဆိုပါ V power အမည်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ်စီမံကိန်းစက်ရုံ ကို၂၀၁၉ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံမှ စက်အလုံးရေ (၉၆)လုံးဖြင့် ( ၁၅၀ )မီဂါဝတ်ထုတ်လုပ်မည်ဖြစ်ပြီးလက်ရှိတွင် စက်အလုံးရေ (၇၈)လုံးဖြင့် (၁၃၀) မီဂါဝတ် ထုတ်လွှတ်နေကြောင်းသိရသည်။

အဆိုပါစက်ရုံများသည် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု အကဲဖြတ်ခြင်းဆိုင်ရာအစီရင်ခံစာ (EIA) ကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သော် လည်း ဒေသခံများ၏ လူမှုရေးဆိုင်ရာထိခိုက်နိုင်မှုနှင့် ကျောက်ဖြူချောင်း၏ရေအရင်းအမြစ်ပျက်စီးနိုင်မှုကို ထည့်သွင်းပြီး သုတေသန ပြုလုပ်ထားသည် ကိုမတွေ့ရကြောင်း CPD အဖွဲ့ က ထုတ်ပြန်ထားသည်။ (NN-16)


(ဓာတ်ပုံ- ကျောက်ဖြူ မြို့နယ် အုန်းတော နှင့် ဂုံးချွိန်ကျေးရွာကြားရှိ V Power စက်ရုံပုံ)

ဆက်စပ် သတင်းများ