သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ကိုဗစ်ကာလကင်းလွတ်မီတာခများကို လျှပ်စစ်ဌာနကပြန်ကောက်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ သြဂုတ် ၂၂/၂၀၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ပြီးခဲ့သည့်ကိုဗစ်ကာလအတွင်းက ကင်းလွတ်မီတာခများကို မြို့နယ်လျှပ်စစ်ဌာနက ပြန်ကောက်နေ၍ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောကြားသည်။

တောင်ကုတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လတုန်းက မီတာခများကို ကိုဗစ်ကာလဖြစ်၍ ကင်းလွတ်မီတာခအဖြစ်သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ အဆိုပါကင်းလွတ်မီတာခများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ယခုလသြဂုတ်လမှစတင်ကာ ပြန်ကောက်နေသည်ဟု မြို့ခံများက နိရဥ္စရာကို ပြောသည်။

မြို့ခံတစ်ဦးက "ပြီးခဲ့တဲ့နှစ်ကဟာတွေကို ဒီနှစ် ၂၀၂၂ ခုနှစ်၊ ဒီ ၈ လပိုင်းထဲမှာ ဘောင်ချာတွေ ပြခိုင်းတယ်။ မပြနိုင်လို့ရှိရင် မီးဖြတ်တယ်။ မီတာခကပေးဆောင်ပြီးပြီဆိုတဲ့ဘောင်ချာပြနိုင်ရင် မီးပြန်ဆက်တယ်။ ဘောင်ချာရှာမရတဲ့ သူတွေက မီတာခလည်းဆောင်ပြီးပြီ။ ပြန်လည် ဆောင်နေရတော့ နစ်နာတာပေါ့။ အခုက စီးပွားရေးအခက်အခဲအကျပ်အတည်းအချိန်ဆိုတော့ မကောင်းဘူး။ ဆောင်ပြီးသားသူတွေလည်း နှစ်ခါဆောင်နေရတယ်"ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ယခင်ကိုဗစ်ကာလက ကင်းလွတ်မီတာခ ယူနစ် ၁၅ဝ အထက် ကျသင့် မီတာခများကို သွင်းထားပြီးဖြစ်သော်လည်း မီတာခသွင်းထားသည့် ဘောင်ချာ စာရွက်ပြခိုင်းခြင်း၊ မပြနိုင်လျှင် အဆိုပါမီတာခများကို ပြန်ပေးသွင်းနေရခြင်း၊ ပြန်ပေးမသွင်းလျှင် မီးဖြတ်ခြင်းတို့ကို ခံနေရသည်ဟု နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

"၂၀၂၁ ခုနှစ်က ကိုဗစ်ကင်းလွတ်ခွင့်နဲ့ မီတာခမကောက်ခဲ့ဘူး။ ၁၀ လပိုင်းလောက်မှာ ပြန်သွင်းရမယ် ဆိုလို့ သွားသွင်းလိုက်တယ်။ အခုလည်း အဲဒီတုန်းက မီတာခသွင်းထားတဲ့ ဘောင်ချာ။ ချလန် စာရွက်တွေမပြနိုင်လို့ မီးဖြတ်တာ။ အမှန်ဆို ကျွန်တော်တို့တွေက အဲ့ဒီကတည်းက မီတာခသွင်းပြီးပြီ"ဟု ပြောသည်။


အချို့ရပ်ကွက်များတွင်လည်း ယခင် ၂ဝ၂၁ ခုနှစ်၊ ဧပြီလနှင့်မေလတွင်းက မီတာခသွင်းထားသည့် ချလန်စာရွက်များကို မပြနိုင်လျှင် မီးဖြတ်တောက်ခြင်းများပြုလုပ်နေပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှတာဝန်ရှိသူများက စာရင်းစာတမ်းများဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကောက်ခံခြင်းများလည်းရှိနေသည်ဟု သိရသည်။

တောင်ကုတ်မြို့မှ အခြားဒေသခံတစ်ဦးက "ကျွန်တော်ဆိုလည်း မီတာခဆောင်ပြီးပြီ။ ဘောင်ချာမပြနိုင်သေးဘူး။ မီးကိုချက်ချင်းဖြတ်ပစ်ခဲ့တယ်။ ဆိုတော့ ဘောင်ချာမပြနိုင်တော့ ပြီးခဲ့တဲ့နှစ်က ရ လပိုင်း။ ၈ လပိုင်းတုန်းက မီတာခတွေပြန်သွင်းပေးမှ မီးပြန်ဖွင့်ပေးမယ်ပေါ့။ ကျွန်တော်တို့ဆို သွားသွင်းပေးရတယ်"ဟု ပြောသည်။


ဒေသခံအများစုအနေဖြင့် မီတာစာရွက်များကို တစ်နှစ်ထိ သိမ်းထားနိုင်ခြင်းမရှိသည့် အပေါ် အခွင့်ကောင်းယူကာ မီတာခကို ပြန်ကောက်ခံနေသည်ဟု ဆိုသည်။


တောင်ကုတ်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှလည်း "ဓာတ်အားခကြွေးကျန်များကို သြဂုတ်လ ၂၃ ရက် နောက်ဆုံးထား လာရောက်ပေးဆောင်နိုင်ရန်နှင့် ပေးဆောင်ခြင်းမရှိပါက ဓာတ် ြတ်တောက်သွားမည်ဟု လျှပ်စစ်သုံးစွဲသူများထံ အကြောင်းကြားထားသည်ဟုလည်း မြို့ခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကိုဆက်သွယ်ရာ တာဝန် ရှိသူတစ်ဦးက အလကားနေ ကောက်နေတာမဟုတ်ဘူး။ ဓာတ်အားခကြွေးကျန်တွေကို ကောက်နေတာ။ အိမ်တစ်ထောင်ရှိရင် မီတာခကြွေးကျန်နေတဲ့ အိမ်တစ်ရာရှိရင် အဲ့ဒီတစ်ရာကို ကောက်ရမှာပဲဟု ပြောသည်။

ကိုဗစ်ကာလအတွင်း အိမ်သုံးမီတာအမျိုးအစားသုံးစွဲမှုအတွက် ယူနစ် ၁၅ဝ အထိ ကျပ်သင့်ငွေ ကျပ် ၁၁၅၅ဝ အခမဲ့ကင်းလွတ်ခွင့်ကို ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလမှစတင်ကာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစိုးရက လစဉ် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ