ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် ၂၄နာရီ ဆိုလာစနစ်လျှပ်စစ်မီး နေ့တိုင်းပြတ်တောက်မူဖြစ်နေ၍ ဒေသခံများအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

အောင်လင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၈ရက်/၂ဝ၂ဝ

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီဇင်ဘာ ၁၉ ရက်နေ့က မာန်အောင်မြို့သို့ လာရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ နေရောင်ခြည်သုံး ဆိုလာစနစ် လျှပ်စစ်မီးမှာ နေ့တိုင်းပြတ်တောက်မူဖြစ်နေသောကြောင့် ဒေသခံများ လျှပ်စစ်သုံးစွဲရာတွင် အဆင်ပြေဖြစ်နေကြသည်ဟု သတင်းရရှိသည်။

“မီးက ၂၄နာရီပေးထားသော်လည်း မီးကလာချင်တဲ့အချိန်လာတယ်။ မလာချင်တဲ့အချိန်မလာ။ ဘယ်အချိန် လာမယ်လည်း မသိတော့ အလုပ်လုပ်နေတဲ့သူတွေလဲအဆင်မပြေ။ နေ့လည်းပြတ်- ညလည်းပြတ်။  နေ့တိုင်းကို ပြတ်နေတယ်။ အားကိုးလို့မရ ဖြစ်နေကြတယ်” ဟု မာန်အောင်လူငယ်အဖွဲ့ ကိုကျော်မိုးနိုင် မှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 အဆိုပါ ဆိုလာ လျှပ်စစ်မီးကို ၂ဝ၁၉ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့မှစတင်၍ မာန်အောင် မြို့ပေါ်ရပ်ကွက်များ အပါအဝင် ခအုံးမော်ကျေးရွာနှင့် ကောင်းတန်းကျေးရွာ တို့ကို ၂၄ နာရီလျှပ်စစ်မီး ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ယခုနွေရာသီတွင်ပင် ဆိုလာလျှပ်စစ်မီးမှာ မရတစ်ချက်၊ ရတစ်ချက်ဖြင့် ပြသနာ ဖြစ်နေလျှင် မိုးရာသီတွင် အခြေအနေပိုမို ဆိုးရွားနိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ ပြောဆိုဝေဖန်နေမှုနှင့် ပတ်သက်ပြီး ကျောက်ဖြူခရိုင် လျှပ်စစ်ဦးမှူး ဦးသိန်းစိုးမှ နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ ယခုပေးထားသည့် ဆိုလာစနစ်လျှပ်စစ်မီးမှာ နွေရာသီပိုင်းသာအဆင်ပြေပြီး မိုးရာသီပိုင်းတွင် အချိန်အကန့်အသတ်ဖြင့် ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဘယ်ထရီ ပါဝါဗို့အားကနည်းပြီး သုံးတာကများနေတော့ မီးကမနိုင်မနင်းဖြစ်နေတယ်။ ပြီးခဲ့သည့်နေ့ကဆို မိုးအုံးလာတော့ နေရောင်ခြည်မလာဘူးဆိုတော့ အားမဝင်ဘူးပေါ့အဲလိုဖြစ်သွားတာပေါ့။ မိုးရာသီကျတော့ အခါတိုင်း ပုံမှန်အတိုင်းရတဲ့အချိန် ညနေ ၆နာရီခွဲ ည ၁ဝ အထိပေးရမှာပေါ့။ ကျန်တဲ့အချိန်ဆို ဘယ်ထရီအပေါ် မူတည်ပြီးပေးမှာပါ” ဟု ဦးသိန်းစိုးမှပြောသည်။

ယခုနှစ်အတွင်း လျှပ်စစ်မီးအားတိုးပေးရန်နှင့် ၂၄နာရီလည်ပတ်နိုင်ရန်အတွက် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နေရာင်ခြည်စွမ်းအင်ဖွင့်ပွဲအခမ်းအနားကို မာန်အောင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ  ဒေသခံပြည်သူ ထောင်နှင့်ချီ တက်ရောက်ခဲ့ကြကာ အိုးစည် ဗုံမောင်းများတီးပြီး ကြိုဆိုခဲ့ကြသည်။

၎င်းဆိုလာလျှပ်စစ်မီးကို  Posco Daewoo ပါ်စကို ဒေဝူး ကုမ္ပဏီမှ ၂၄ နာရီ ကူညီလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဆိုလာ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မာန်အောင်မြို့တွင် ဖွင့်လှစ်ပြီး သုံးရက်အကြာ ဒီဇင်ဘာ ၂၁ ရက် နေ့က လျှပ်စစ်ဓာတ်အား (၆၆) မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအနီး ဖွင့်လှစ်ပေးခဲ့ရာ ရခိုင်ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
 
ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ထွက်သော ဒေသတစ်ခုဖြစ်သည့်အပြင် မိုးများသောဒေသတစ်ခုဖြစ်သဖြင့် မာန်အောင်မြို့နယ်တွင်  မီးအားကောင်းသည့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရမည့် အစား နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ပေးမှုမှာ မဖြစ်သင့်ဟုဆိုကာ ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကလည်း သူ၏ ဆိုရှယ်လူမှု ကွန်ယက် စာမျက်နာပေါ်မှ ဆိုလာပြားများနှင့် လျှပ်စစ်မီးပေးခြင်းမှာ  သဘာဝသယံဇာတပိုင်ရှင် ရခိုင်တို့အား ပျားရည်နှင့် ဝမ်းချခြင်းသာဖြစ်သည်ဟု ရေးသား ဖော်ပြ ဝေဖန်ခဲ့သည်။

ဆက်စပ် သတင်းများ