သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မဟာဓာတ်အားလိုင်းအားပြုပြင်စဉ် ရခိုင်ရှိခရိုင်(၃)ခုတွင်လျှပ်စစ်မီးပြတ်တောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေလ ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် ပုဏ္ဏားကျွန်းကြားရှိ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့်မဟာဓာတ်အားလိုင်းအား ပြုပြင်နေစဉ်အတွင်း ပြည်နယ်တွင်းရှိ မောင်တော၊ စစ်တွေနှင့် မြောက်ဦး ခရိုင် (၃)ခုတွင် လျှပ်စစ်မီး ယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည်ဆန်ထိမှန်ခဲ့သည့် ဓာတ်ကြိုးများမှာ အမ်းနှင့် ပုဏ္ဏားကျွန်းကြားရှိ ဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၄၄၆)နှင့် (၄၄၇)တို့ကြားတွင် ဖြစ်ကြောင်း၊ ပျက်စီးသွားသည့်ဓ ါတ်အားလိုင်းအား မေလ ၃၁ ရက်နေ့တွင် ပြုပြင် ရမည်ဖြစ်သည့် အတွက် ယင်းနေ့နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု လျှပ်စစ်ရုံးမှ တစ်ဆင့်သိရသည်။

စစ်တွေခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မိုးက “ဓာတ်အားလိုင်းက ယာယီပြတ်တောက်မှာပါ။ အဲဒီကြိုးကို လုပ်မယ်ဆိုရင် ခရိုင် ၃ ခုလုံး ပြတ်တောက်မယ်ထင်တယ်။ ကျွန်တော်တို့ကတော့ လျှပ်စစ်ကြိုး အဲလိုဖြစ်တာကို ပြန်ပြုပြင်ဖို့အတွက် တင်ပြရုံပါ ”ဟု နိရဥ္စရာသို့ ပြောသည်။

မည်သည့်နေ့က လက်နက်ကြီးကျရောက်ခဲ့သည်ကိုမသိရသော်လည်း  လက်နက်ကြီးကျရောက်မှုကြောင့် အဆိုပါဓာတ်အားလိုင်းရှိ ဓာတ်အားကြိုး ထိခိုက်မှုရှိခဲ့သည်ဟု သူက ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် မဟာဓါတ်အားလိုင်းစခန်း တာဝန်ခံ ဦးသိန်းရွှေက “ကြိုး ဒဏ်ရာရထားလို့ အဲဒါကို ပြန်ပြင်မလို့ လျှပ်စစ်မီး ခဏဖြတ်မှာပါ။ အဲဒီကြိုးက ဘာဖြစ်တာလဲဆိုတာတော့ ကျွန်တော်တို့လည်း မမြင်ရတော့ ပြောဖို့ခက်ပါတယ်။ ကြိုးဒဏ်ရာရတာကို ကျွန်တော်တို့လည်း ၂၇ ရက်နေ့ကမှ သိတာ။ ကြိုးက အထဲက သံကြိုးတွေတော့ ကျန်ပါသေးတယ်။ အပေါ်က ကာဗာတွေကတော့ ပွင့်ထွက်သွားတယ်ပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာဓာတ်အားလိုင်း ဓာတ်အားခွဲရုံအနီးသို့ လက်နက်ကြီးကျည်ထိမှုကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 


ဆက်စပ် သတင်းများ