စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ထိမှန်၍ တာဝါတိုင်ဓာတ်ကြိုးပြတ်သွားသဖြင့် မောင်တောနှင့်ဘူးသီးတောင်တွင်လျှပ်စစ်မီးပြတ်တောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာနှင့် ရေမျက်ကျေးရွာအကြား၌ရှိ လျှပ်စစ်တာဝါတိုင် ဓာတ်ကြိုးတစ်ပင် လက်နက်ကြီးကျည်စ ထိမှန်၍ ပြတ်တောက်သွားခဲ့သဖြင့် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ယနေ့လယ်ပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပြတ်တောက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ် ၁ နာရီမှစ၍ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က နိရဥ္စရာမှ ဆက်သွယ်စဉ် ဘူးသီးတောင်မြို့နယ် လျှပ်စစ်ပိုင်းဆိုင်ရာ တာဝန်ခံတစ်ဦးသို့  ပြောကြားသည်။ 

 “နှစ်မြို့လုံးက မီးပြတ်နေတာပေါ့နော်။ အဲဒီကြိုးက မီးပေးလို့ မရရင် မောင်တောနဲ့ ဘူးသီးတောင် နှစ်မြို့လုံးက မှောင်သွားတာပေါ့နော်။ ကျွန်တော်တို့က အဲဒီထဲကို မရောက် သေးဘူးခင်ဗျား။ အဲဒါကြောင့် ကျွန်တော်တို့က အတိကျပြောလို့တော့ မရသေးဘူးပေါ့နော်။ အဲဒီ ဖြစ်ပျက် သွားတဲ့နေရာကို ကျွန်တော်တို့က သွားလို့ မရသေးဘူး။ လက်နက်ကျည်ကျလို့ ဘာညာဆိုပြီး သတင်းတွေတော့ ထွက်နေကြတာပေါ့။ ကျွန်တော်တို့လည်း ဒီမှာ အင်တာနက် မရတော့ မသိကြဘူးပေါ့နော်။ အဲလို ပြတ်သွားတာတော့ ပြောကြတာပဲ” ဟု နိရဥ္စရာသို့ ပြောသည်။

မောင်တောမြို့မှ မငြိမ်းငြိမ်းချေက “ဒီမှာ လျှပ်စစ်မီးက ပြတ်နေတယ်။ ဒီလို မီးပြတ်နေလို့ကတော့ မြို့သူမြို့သားတွေ အနေနဲ့ အဆင်မပြေဘူးပေါ့နော်။ ထမင်းချက်ရတာတွေ၊ နောက်ပြီး တခြား အလုပ်တွေမှာဆိုလည်း အဆင်မပြေတာတွေ ရှိပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ဘူးသီးတောင်မြို့မှ ဒေသခံတစ်ဦးကလည်း ယနေ့ နေ့လယ် ၁ နာရီခန့်မှစ၍ လျှပ်စစ်မီးပြတ်တောက် နေကြောင်း နိရဥ္စရာသို့ ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ထုတ်ပြန်သော သတင်းတွင် ယနေ့ မွန်းလွဲ (၁)နာရီခန့်က မေယုမြစ်ထဲ သွားလာနေသော စစ်တပ်ရေယာဉ် တစ်စီးမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲပြီး ရေမျက်ကျေးရွာ ၂ ဖာလုံခန့်အကွာတွင်ရှိသည့် လျှပ်စစ်တာဝါတိုင်ရှိ ကေဘလ်ကြိုး ၃ ပင်တွင် ၁ ပင်မှာ ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံရွာသား တစ်ဦး၏ သတင်းပေးပို့ချက်ကို ကိုးကားဖော်ပြထားသည်။ 

ယင်းရေယာဉ်အား အောင်စည်ကုန်းကျေးရွာ အနီးအရောက်တွင် ရက္ခိုင့်တပ်တော် (ULA/AA) က ပစ်ခတ်မှုကြောင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း REC ၏ နယ်မြေအခြေခံ အဖွဲ့ဝင်က သတင်းပို့လာကြောင်းဖြင်လည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းက “ ပစ်ခတ်မှုကြောင့် အဲဒီ လျှပ်စစ်တာဝါတိုင်က ကြိုးပြတ်တောက်သွားတာပေါ့နော်။ ပစ်ခတ်မှုကြောင့်ဖြစ်တာကို အတည်ပြုလို့ရပါတယ်။ ကျွန်တော်တို့ အခု ဓါတ်ပုံတွေတောင် ရိုက်ခိုင်းထားတာ အခု အင်တာနက်ကြောင့် ပုံပို့ဖို့ အခက်ခဲနည်းနည်း ရှိနေသေးလို့ပါ။” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းသို့ ဆက်သွယ်ရာ ၎င်းက “ စစ်တပ်က ပစ်တာမဟုတ်ပါဘူး။ အေအေကပစ်တာပါ။ ဟိုဘက်ဒီဘက် တိုက်ပွဲဖြစ်နေတာပေါ့။ ဖြစ်တဲ့အခါ အေအေက လှမ်းပစ်တာ။ ဘယ်နားက လှမ်းပစ်မှန်းတော့ မသိဘူး။ အဲဒီဘက်မှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေလို့။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော လက်နက်ပိစိကွဲတွေရော အကုန်လှမ်းပစ်တာပဲ” ဟု ပြောဆိုသည်။

ဒေသခံ တစ်ဦးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းက ရသေ့တောင်မြို့နယ် မေယုမြစ်ထဲ မင်းကျွန်းအနီး တပ်မတော် ဇက်ရေယာဉ် တစ်ီးအား AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းနောက် ဘေးပတ်ပတ်လည်ကို ဇက်ရေယာဉ်ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။ 

( Photo by MOEE)


ဆက်စပ် သတင်းများ